ရှေ့သို့
Image

ကနေဒါကို အနိုင်ယူကာ ကွန်ကာကပ်ဖ်နေးရှင်းလိဂ် ချန်ပီယံဖြစ်လာတဲ့ အမေရိကန်

2:00 PM, 19 June

ဒီနေ့မနက်ပိုင်း၊ လတ်ဗီးဂတ်စ်မြို့မှာ ကျင်းပတဲ့ ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ အိမ်ရှင်အမေရိကန်က ပြိုင်ဘက်ကနေဒါကို တိုက်စစ်မှူးဘာလိုဂန်ရဲ့ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံး သွင်းဂိုးအပါအဝင် နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ ခရစ်ရစ်ချက်စ်၊ ဘာလိုဂန်တို့ရဲ့ပထမပိုင်းသွင်းဂိုးတွေက ၂၀၂၁ ခုနှစ် ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ချန်ပီယံ၊ ကွန်ကာကပ်ဖ် Gold Cup ချန်ပီယံအမေရိကန်အတွက် သုံးကြိမ်ဆက်ကွန်ကာကပ်ဖ်ချန်ပီယံအောင်ပွဲရယူနိုင်ဖို့ လုံလောက်စေခဲ့ပါတယ်။ ဆာဂျီယိုဒတ်နဲ့ မက်ကင်နီးတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်တဲ့ အမေရိကန်အသင်းကို ယာယီနည်းပြကယ်လာဟန်က ဂျိုးစကာလီ၊ အာရွန်ဆန်တို့နဲ့ ပွဲထွက်ယှဉ်ပြိုင်စေခဲ့ပါတယ်။

ပွဲအစ ၁၃ မိနစ်မှာပဲ ရေးနာရဲ့ထောင့်ကန်ဘောပေးပို့မှုကို နောက်ခံလူခရစ်ရစ်ချက်စ်က အပိုင်ခေါင်းတိုက်ပြီး အမေရိကန်အတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ပွဲချိန်နာရီဝက်ကျော်လွန်လာချိန်မှာလည်း ရေးနာရဲ့ဖန်တီးပေးမှုမှတဆင့် ဘာလိုဂန်က အပိုင်အဆုံးသတ်ကာ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြင်သစ်လီဂူးဝမ်းကလပ် ရိမ်းစ်အတွက် ၃၉ ပွဲကစား၊ ၂၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဘရွတ်ကလင်းမြို့ဖွား ဘာလိုဂန်က ဥရောပထိပ်တန်းလိဂ်ငါးခုမှာ အမေရိကန်ကစားသမားတစ်ဦးအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကနေဒါက ချေပဂိုးတွေ ရရှိဖို့တိုက်စစ်မြှင့်ကစားလာပေမယ့် အမေရိကန်အသင်းရဲ့မာကျောတဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားမတ်တာနာရဲ့လက်စွမ်းကို မကျော်ဖြတ်နိုင်ခဲ့လို့ ချေပဂိုးတွေနဲ့ ဝေးကွာခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အမေရိကန်အသင်းက ကနေဒါအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိကာ ကွန်ကာကပ်ဖ်နေးရှင်းလိဂ် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အမေရိကန်အသင်းက ၁၉၅၇ ခုနှစ်နောက်ပိုင်း ကနေဒါအသင်းအပေါ် အိမ်ကွင်း ၂၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းကို ဆက်လက်ပိုင်ဆိုင်ခဲ့သလို တဖက်မှာလည်း ကနေဒါက ၂၀၀၀ ပြည့်နှစ် ကွန်ကာကပ်ဖ် Gold Cup ချန်ပီယံအောင်ပွဲနောက်ပိုင်း နောက်ထပ်ဆုဖလားအောင်မြင်မှုတစ်ခု ရှာဖွေနိုင်ဖို့ ပျက်ကွက်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းမှာ ကစားခဲ့တဲ့ တတိယနေရာလုပွဲမှာတော့ မက္ကဆီကိုက ပနားမားကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

#ကနေဒါ #အမေရိကန် #ကွန်ကာကပ်ဖ်နေးရှင်းလိဂ်