ရှေ့သို့
Image

ဟိုဆေးလူအပြီး ကစားသမားသစ် ထပ်မခေါ်တော့ဘူးလို့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ အတည်ပြု

10:40 AM, 19 June

ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီအတွင်း ဘန်ဇီးမား၊ အဆန်စီယို၊ မာရီယာနို၊ ဟာဇက်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ တိုက်စစ်ကစားသမားလေးယောက်အထိ ဆုံးရှုံးခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း ထူးထူးခြားခြားလှုပ်ရှားနေတာမျိုး မမြင်ရသေးပါဘူး။

ဖရန်ဂါစီယာနဲ့ ဘရာဟင်ဒီယက်ဇ်တို့ကို အသင်းထံ ပြန်လည်ခေါ်ယူထားပြီး အပြောင်းအရွှေ့မှာလည်း ကွင်းလယ်နေရာအတွက်  ဘယ်လင်ဟမ်ကိုသာ ခေါ်ယူထားခဲ့ပါတယ်။ တိုက်စစ်ပိုင်းအတွင်း ချိတ်ဆက်နေတဲ့ ကစားသမားအများအပြားရှိနေပေမယ့် တကယ်တမ်းမှာတော့ အက်စ်ပန်ညိုတိုက်စစ်မှူး ဟိုဆေးလူတစ်ဦးသာ ရောက်လာဖို့ ရှိနေပါတယ်။

ပရိသတ်တစ်ဦးကို လက်မှတ်ထိုးပေးရင်း ဖြေကြားခဲ့ရာမှာ ပီရက်ဇ်က "ဟိုဆေးလူဟာ ယခုအပတ်အတွင်း အသင်းကို ရောက်လာမှာဖြစ်ပြီး ကစားသမားထပ်မခေါ်တော့ပါဘူး"လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်ဟာ ယခုနွေရာသီအတွင်း ကိုင်ဟားဗက်ဇ်၊ ဟယ်ရီကိန်း၊ အမ်ဘာပေတို့နဲ့ သတင်းတွေထွက်ခဲ့ပေမယ့် တကယ်တမ်းရောက်လာဖွယ်မရှိပါဘူး။

ဟားဗက်ဇ်ကို ချဲလ်ဆီးအသင်းက အနည်းဆုံး ယူရိုသန်း၆၀ သတ်မှတ်ထားပြီး ရီးရဲလ်ဘက်ကတော့ အဆိုပါပမာဏကို ပေးချေလိုခြင်းမရှိပါဘူး။ ကိန်းက ပိုတောင် ဈေးများတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး တော့တင်ဟမ်က ယူရိုသန်း၁၀၀အထက် တောင်းဆိုထားခဲ့ပါတယ်။

အမ်ဘာပေအနေနဲ့ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ကြေညာထားပေမယ့် လာမယ့်ရာသီ အသင်းမှာ ဆက်ရှိဖွယ်ရှိနေပြီး ရာသီကုန်မှ ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းသွားဖို့ရှိနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဟိုဆေးလူ