ရှေ့သို့
Image

ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ကာလရှည်ဖလားပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့ စပိန်

8:53 AM, 19 June

စပိန်အသင်းဟာ ယမန်နေ့ညက နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ နေးရှင်းလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပြီး ကာလရှည်ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

စပိန်အသင်းအတွက် အဆုံးအဖြတ်ပင်နယ်တီကို ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားများစွာဆွတ်ခူးခဲ့တဲ့ ကာဗာဂျယ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်ကလပ် ဖီယင်နုရဲ့အိမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲအတွင်း မိနစ်၁၂၀အထိ ကစားခဲ့ရပြီး နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ခရိုအေးရှားရဲ့ပထမဆုံးပင်နယ်တီကို မာဂျာကန်သွင်းရာမှာ စပိန်ဂိုးသမား အူနိုင်းဆိုင်မွန် ကာကွယ်သွားခဲ့ပြီး စပိန်အသင်း ဖလားရစေနိုင်မယ့်ပင်နယ်တီကို လာပေါ်တေး ကန်သွင်းရာမှာ ဘားထိထွက်သွားတာကြောင့် ငါးဂိုးစီသွင်းပြီးချိန် လေးဂိုးစီနဲ့သရေကျနေခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပက်ကိုဗစ်ရဲ့ ကန်ချက်ကို ဂိုးသမား ဆိုင်မွန် ထပ်မံကာကွယ်သွားခဲ့ပြီး ကာဗာဂျယ်က အဆုံးအဖြတ်ပင်နယ်တီကိုဝင်အောင် ကန်သွင်းနိုင်ခဲ့တာကြောင့် စပိန်အသင်း ကာလရှည်ဝေးကွာနေတဲ့ ဆုဖလားတစ်ခုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က နေးရှင်းလိဂ်ဗိုလ်လုပွဲတုန်းကလည်း စပိန်အသင်း ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ပြင်သစ်ကို ရှုံးနိမ့်ကာ ဒုတိယနေရာသာရခဲ့သလို ကမ္ဘာ့ဖလားတုန်းကလည်း မော်ရိုကိုအားရှုံးနိမ့်ကာ ၁၆သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ ယမန်နေ့အစောပိုင်းက ကစားခဲ့တဲ့ တတိယနေရာလုပွဲမှာတော့ အီတလီက နယ်သာလန်ကို ၃-၂ဂိုးနဲ့နိုင်ယူကာ တတိယနေရာကို ရယူသွားနိုင်ခဲ့ပါတယ်။ #စပိန် #ခရိုအေးရှား #နေးရှင်းလိဂ်