ရှေ့သို့
Image

လက်ရွေးစင်ကစားသမားဘ၀ အနာဂတ်ကို နေးရှင်းလိဂ်ဖိုင်နယ်အပြီးမှာ ဆုံးဖြတ်မယ့် မိုဒရစ်

12:44 PM, 18 June

၂၀၂၂-၂၀၂၃ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဗိုလ်လုပွဲက ခရိုအေးရှားအသင်းခေါင်းဆောင်၊ ဝါရင့်ကွင်းလယ်လူမိုဒရစ်ရဲ့ လက်ရွေးစင်ကစားသမားဘ၀အနာဂတ်အတွက် အရေးပါတဲ့အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ပါတယ်။

မိုဒရစ်ဦးဆောင်လာမယ့် ခရိုအေးရှားအသင်းက ဒီနေ့ညပိုင်း၊ နယ်သာလန်နိုင်ငံ၊ရိုတာဒမ်မြို့မှာ စပိန်အသင်းနဲ့ ဥရောပနေးရှင်းလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရပါမယ်။ ဒီပွဲစဉ်ကို မိုဒရစ်က နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ ၁၆၆ ပွဲမြောက်အဖြစ် ပါဝင်ကစားပါလိမ့်မယ်။

အသက်-၃၇ နှစ်အရွယ်ကွင်းလယ်လူက ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားအသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားနဲ့အတူ တတိယကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုဖို့ပြင်ဆင်နေပြီး လာမယ့် ၁၂ လတာကာလအတွက် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရဖို့ ရှိနေတာပါ။

နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူမှုအပေါ်မူတည်ကာ သူ့ရဲ့စာချုပ်သက်တမ်းကို တိုးမြှင့်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကို မိုဒရစ်က ပယ်ချလိုက်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကလည်း သူ့ကို အပိုဖိအားတွေ ပေးထားတာမျိုး မရှိသေးပါဘူး။ ခရိုအေးရှားအခြေစိုက်သတင်းဌာန Jutarnji List ရဲ့အဆိုအရ မိုဒရစ်က ဒီနေ့ညပိုင်း၊ ဥရောပနေးရှင်းလိဂ် ဗိုလ်လုပွဲအပြီးမှာ သူ့ရဲ့အနာဂတ်အစီအစဉ်ကို အများသိအောင်ကြေညာသွားဖို့ ရည်ရွယ်ထားပြီး ခရိုအေးရှားနဲ့အတူ ဆက်ရှိနေမယ့် အလားအလာတွေလည်း ခိုင်မာအားကောင်းနေတယ်လို့ သိရပါတယ်။

ခရိုအေးရှားက လာမယ့်စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ယူရို-၂၀၂၄ ခြေစစ်ပွဲခြောက်ပွဲကို ယှဉ်ပြိုင်ကစားရဖို့ရှိပြီး မိုဒရစ်အနေနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အသင်းကို ဆက်ပြီးဦးဆောင်ဖို့ဆိုရင် ဒီပွဲစဉ်တွေမှာ ရလဒ်ကောင်းထားဖို့ လိုအပ်ပါတယ်။

#ခရိုအေးရှား #နေးရှင်းလိဂ် #မိုဒရစ်