ရှေ့သို့
Image

အင်္ဂလန် ကိုယ်စားပြုကစားရရင်ပဲ ပျော်ရွှင်ပါတယ်လို့ ဆိုလိုက်တဲ့ အာနိုးလ်

4:58 PM, 17 June

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရှိနေသမျှကာလပတ်လုံး ဘယ်နေရာမှာပဲ ကစားရပါစေ ပျော်ရွှင်မိပါတယ်လို့ အာနိုးလ်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်း၊ မော်လ်တာအသင်းကို လေးဂိုးပြတ်အနိုင်ရတဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ လီဗာပူးကြယ်ပွင့်က အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ ပွဲထွက်ပါဝင်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်အတွင်း ကျောနံပါတ် ၁၀ ဝတ်ဆင်ခဲ့တဲ့ အာနိုးလ်က အင်္ဂလန်အတွက် အဖွင့်ဂိုးမှာ ကစားကွက်တည်ဆောက်ပေးခဲ့သလို ပြိုင်ဘက်ဂိုးဧရိယာထိပ်မှလည်း အဝေးကန်ချက်နဲ့ သွင်းဂိုးတစ်ဂိုး ရယူခဲ့ပါတယ်။ အာနိုးလ်က အခုဘောလုံးရာသီ၊ လီဗာပူး အသင်းမှာလည်း ပုံမှန် ညာနောက်ခံအစွန်လူနေရာမှ ကွင်းလယ်ဆီ နေရာပြောင်းလဲကစားနေပါတယ်။ အခုပွဲစဉ်အပြီး အာနိုးလ်က သူ့ရဲ့နေရာအသစ်အကြောင်းနဲ့ ဒီနေရာသစ်မှာကစားရတာ သက်သောင့်သက်သာရှိတယ်လို့ Channnel 4 သတင်းဌာနနဲ့တွေ့ဆုံချိန် ထုတ်ပြောလာပါတယ်။

အာနိုးလ်က "နေရာသစ်မှာ ကစားရတာ မကြာသေးဘူးဆိုပေမယ့် သက်သောင့်သက်သာ ရှိပါတယ်။ သဘာဝကကျကျကစားရသလို ကိုယ်ကစားချင်တဲ့နေရာမျိုး ဖြစ်ပါတယ်။ ကိုယ်ကစားတာကို ကိုယ်တိုင်မြင်တွေ့ရနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအသင်းမှာပါဝင်ဖို့နဲ့ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ကြိုးစားနေတာပါ။ ဒီနေ့ကတော့ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘယ်နေရာမှာမဆို ကစားနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ဒါမှသာ အသင်းလူစာရင်းမှာ ပါဝင်ပြီး ပွဲကစားချိန်တွေရရှိပါလိမ့်မယ်။ အသင်းမှာ ပါဝင်ခွင့်ရနေသမျှ ဘယ်နေရာမှာပဲကစားရပါစေ ကျွန်တော် စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ ပွဲဆီဝင်လာပြီး အခွင့်အရေးတွေဖန်တီး၊ ဂိုးတွေသွင်း၊ ခံစစ်ကိုလည်း ကူညီသွားရပါမယ်။ ဘယ်နေရာမှာပဲ ကစားရပါစေ အစွမ်းကုန်ပေးဆပ်ပြီး အသင်းအနိုင်ရဖို့ ကြိုးစားသွားပါမယ်"လို့  ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်က ညာနောက်ခံလူနေရာအတွက် ဝေါ်ကာ၊ ထရစ်ပီယာနဲ့ ရီစီဂျိမ်းစ်တို့လို ကစားသမားတွေကို ဦးစားပေးရွေးချယ်လေ့ရှိတာကြောင့် အာနိုးလ်အနေနဲ့ အခွင့်အရေးရရှိဖို့ ခက်ခဲနိုင်တယ်လို့ အများက သုံးသပ်ခဲ့ပါတယ်။ လီဗာပူးကြယ်ပွင့်ကတော့ သူ့ရဲ့လက်ရွေးစင် အသင်းနည်းပြဟာ အခွင့်အရေးရလာတိုင်း သူ့ကိုကူညီပေးဖို့ ကြိုးစားနေတယ်လို့ ယုံကြည်နေပါတယ်။

"အင်္ဂလန်အသင်းနဲ့ ပတ်သက်ပြီး နည်းပြက သူ့အသင်းမှာ ကျွန်တော့်ကိုထည့်သွင်းနိုင်ရေး နည်းလမ်းရှာဖို့ ကြိုးစားနေခဲ့တယ်လို့ ကျွန်တော်အမြဲတမ်းတွေးထားခဲ့ပါတယ်။ ကျွန်တော်ကစားနေတဲ့နေရာမှာရှိနေတဲ့ ကစားသမားတွေရဲ့အရည်အသွေးတွေကြောင့်လည်း ရွေးချယ်ရတာ ခက်ခဲပါတယ်။ ကလပ်အသင်း အဆင့်မှာ ကျွန်တော်ကစားခဲ့ရတဲ့ နေရာသစ်ကြောင့် ကျွန်တော့်အတွက် လမ်းကြောင်းသစ်တစ်ခု ပွင့်လာခဲ့ပါတယ်။ ဒါက သူအသုံးပြုနိုင်တဲ့ ရွေးချယ်ခွင့်တစ်ခုဖြစ်ပြီး အကြိမ်ကြိမ်အသုံးပြုဖို့လည်း မျှော်လင့်ထားပါတယ်။ အခုမှ တစ်ပွဲပဲရှိသေးလို့ ပြောဖို့စောလွန်းနေသေးပေမယ့် ကျွန်တော်ကတော့ အခွင့်အရေးရလာရင် အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတာ သေချာပါတယ်"လို့ အာနိုးလ်က ဆက်ပြောခဲ့ပါတယ်။

#အင်္ဂလန် #အာနိုးလ်