ရှေ့သို့
Image

ရိုးမားနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း စမောလင်း

9:16 AM, 17 June

အင်္ဂလန်နှင့် ယူနိုက်တက်နောက်ခံလူဟောင်း ခရစ်စမောလင်းသည် အီတလီကလပ် ရိုးမားအသင်းနှင့် နှစ်နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံလူဟာ ၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားနဲ့ စီးရီးအေကလပ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ စမောလင်း၏ ရိုးမားအသင်းနှင့် ယခင်စာချုပ်မှာ လာမည့်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးခဲ့ရတဲ့အတွက် ပျော်ရွင်ကြောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်က ဒီမှာကျွန်တော့်မိသားစုနဲ့အတူ ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနေပြီး ဒီအံ့ဖွယ်မြို့ကြီးက ကျွန်တော့်ကို ကြိုဆိုနေခဲ့တယ်။ ဒါ့အပြင် ဒီကလပ်က နယ်ပယ်ပေါင်းစုံမှာ ရှေ့ကို ကောင်းကောင်း လှမ်းတက်နေတာ ထင်ရှားပါတယ်။ ရိုးမားမှာ ဆက်နေဖို့ ရွေးချယ်တာက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ"လို့ ရိုးမား ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

စမောလင်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃၁ ပွဲ ကစားပေးထားပြီး ရိုးမား အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၃ ပွဲကစားကာ ၁၀ ဂိုး သွင်းယူထားသူဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟို လက်ထက်တွင် ရိုးမားအသင်းအတွက် အဓိက ကစားသမား ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စတင်ကျင်းပသည့် ယူရိုပါလိဂ် ကွန်ဖရင့်လိဂ်ကို ဆွတ်ခူးခဲ့ပါတယ်။ ဗဟိုခံစစ်ကစားသမားသည် ၂၀၀၈ ခုနှစ် ဇွန်လတွင် ဖူလ်ဟမ်သို့ မပြောင်းရွှေ့မီ လိဂ်မဟုတ်သော မိတ်စတုန်းယူနိုက်တက်တွင်လည်းbကစားခဲ့ဖူးသူဖြစ်ပါတယ်။

စမောလင်းသည် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေ ဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

#ရိုးမား #မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #စမောလင်း