ရှေ့သို့
Image

အီတလီအသင်းမှာ တိုက်စစ်အရည်အသွေးကောင်း ရှားပါးနေတယ်လို့ နည်းပြမန်စီနီ ညည်းညူ

2:32 PM, 16 June

ဒီနေ့မနက်ပိုင်း၊ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဥရောပနေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး အီတလီအသင်းနည်းပြမန်စီနီက သူ့ရဲ့အသင်းဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး တိုက်စစ်အရည်အသွေးကောင်းတွေကို ဆက်လက်ရှာဖွေရမယ်လို့ ဝန်ခံပြောဆိုပါတယ်။

အခုပွဲစဉ်မှာ အီတလီအသင်းက စပိန်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ စပိန်လူစားဝင်တိုက်စစ်မှူး ဟိုဆေးလူရဲ့နောက်ကျသွင်းဂိုးနဲ့ အီတလီတို့ အရေးနိမ့်ခဲ့ရပါတယ်။

ပွဲစဉ်အပြီး မန်စီနီက “ကျွန်တော်တို့က လူငယ်သွေးသစ်တွေနဲ့ ပွဲကို စတင်လာခဲ့တာဖြစ်ပြီး ဒီအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားရပါမယ်။ ကောင်လေးတွေကလည်း လူငယ်ကစားသမားကောင်းလေးတွေပါ။ ဒါပေမယ့် လူငယ်သွေးသစ်ဆိုတာ လှိုင်းလုံးတွေလိုပဲ အလုံးအရင်းနဲ့ထွက်ပေါ်လာရပါမယ်။ အခုအချိန် ကျွန်တော်တို့မှာ ခံစစ်မှူးကောင်းတွေနဲ့ ကွင်းလယ်ကစားသမားကောင်းတွေ ရှိနေပေမယ့် တိုက်စစ်မှူးကောင်းတွေတော့ ချို့ငဲ့ရှားပါးလွန်းပါတယ်။ ဘာကြောင့် အခုလိုဖြစ်သလဲဆိုတာ ကျွန်တော် မသိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က လက်ရှိဥရောပချန်ပီယံတွေရဲ့ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်မှုမရှိသေးတာကို ပြသနေပါတယ်။ အီတလီအသင်းက နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနှစ်ကြိမ်ကို လွဲချော်ခဲ့သလို ပြီးခဲ့တဲ့မတ်လအတွင်း ယှဉ်ပြိုင်ကစားရတဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်မှာလည်း အင်္ဂလန်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။

အီတလီနည်းပြမန်စီနီက ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ နည်းဗျူဟာပိုင်းအပြောင်းအလဲအဖြစ် ခံစစ်သုံးယောက်တန်းကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်း ခံစစ်အစွန်လူနှစ်ဦးလုံး ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်တွေမှာတော့ သူ့ရဲ့အသင်းက စပိန်အသင်းအတွက် အရမ်းကို လွယ်ကူသွားစေခဲ့ပါတယ်။

“အခုပွဲစဉ်အတွက် ကျွန်တော်တို့က မတူကွဲပြားတဲ့ ပုံစံမျိုး ပြင်ဆင်လာခဲ့တယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး စပိန်အသင်းရဲ့ ဘောလုံးပေးပို့မှုလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်အောင် စီမံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကျွန်တော်တို့က ခံစစ်ပိုင်းကို အလွန်အကျွံအားပြုကစားခဲ့ပါတယ်”လို့  မန်စီနီက ဆက်ပြောပါတယ်။

#အီတလီ #စပိန် #နေးရှင်းလိဂ် #မန်စီနီ