ရှေ့သို့
Image

ခရိုအေးရှားက နယ်သာလန်ကို အဖိုးတန်သင်ခန်းစာတစ်ခု ပေးခဲ့တယ်လို့ ပြောဆိုလိုက်တဲ့ နည်းပြ ကိုးမန်း

4:28 PM, 15 June

ဒီနေ့မနက်ပိုင်း၊ ခရိုအေးရှားအသင်းကို ၂-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဥရောပနေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး နယ်သာလန်အသင်းနည်းပြ ကိုးမန်းက ခရိုအေးရှား အသင်းဟာ သူတို့အသင်းကို အဖိုးတန်သင်ခန်းစာတစ်ခု ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

နယ်သာလန်က ဒုတိယပိုင်း ပွဲချိန်နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ လိုအပ်နေတဲ့ ချေပဂိုးကို ရှာဖွေနိုင်ခဲ့ပေမယ့် ကာတာကမ္ဘာ့ဖလားတတိယဆုရှင် ခရိုအေးရှားက အချိန်ပိုမိနစ် ၃၀ မှာ အဖိုးတန် သွင်းဂိုးနှစ်ဂိုးကို ရယူပြီး ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်သွားခဲ့ပါတယ်။

ကိုးမန်းက “ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေသေးတဲ့နေရာတွေကို ပြသတဲ့အခိုက်အတန့်တွေ ရှင်းရှင်းလင်းလင်းပဲ ရှိခဲ့ပါတယ်။ သူတို့က ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ပြိုင်ဘက်ဆီ ဘောလုံးမပါသွားအောင် ထိန်းသိမ်းနိုင်သလို ကစားပုံလည်း ပိုကောင်းခဲ့ပါတယ်။ ခြုံငုံပြီးပြောရရင်တော့ ခရိုအေးရှားက အနိုင်ရလဒ်နဲ့ထိုက်တန်ပါတယ်” လို့ ပြောပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လူးဝစ်ဗန်ဟားလ်ရဲ့နေရာမှာ ဆက်ခံတဲ့ ကိုးမန်းက နယ်သာလန်လက်ရွေးစင် အသင်းနည်းပြဘ၀ ဒုတိယမြောက်သက်တမ်းမှာ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ကိုးမန်းရဲ့ ဒုတိယမြောက်သက်တမ်းအဖွင့်ပွဲစဉ်အဖြစ် ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ ပြင်သစ်ကို လေးဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပအဆင့်မှာ အောက်အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျီလ်ဘရော်တာကို နယ်သာလန်တို့ သုံးဂိုးပြတ် အနိုင်ရရှိထားပါတယ်။

ကိုမန်းကတော့ “နယ်သာလန်အသင်းဟာ သေချာပေါက်တိုးတက်လာတယ်ဆိုပေမယ့် မျှော်မှန်းထားတဲ့ အဆင့်မျိုးအထိတော့ မရောက်လာသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ အခု ကျွန်တော်တို့ဆီမှာ မှန်ကန်တဲ့စွမ်းအင်တွေနဲ့အတူ တိုက်ပွဲတစ်ခုဝင်ရောက်နိုင်မယ့် အသင်းတစ်ခုရှိနေပြီဆိုတာ ရှင်းရှင်းလင်းလင်းပဲ သိသာနေပါတယ်။ ဒါကပဲ ကျွန်တော်တို့ တည်ဆောက်နိုင်တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်း ခရိုအေးရှားနဲ့ ရင်ဆိုင်ကစားရချိန်မှာ သူတို့က လတ်တလောကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘာကြောင့် ဒုတိယဆု၊ တတိယဆုတွေ ရယူနိုင်သလဲဆိုတာကို ပြသသွားခဲ့ပါတယ်။ အဲ့ဒီနေရာမှစပြီး ကျွန်တော်တို့ သင်ယူဖို့ လိုအပ်နေပါတယ်”လို့ ကိုးမန်းက ဆက်ပြောခဲ့ပါတယ်။

နယ်သာလန်က လာမယ့်တနင်္ဂနွေနေ့မှာ အီတလီ(သို့မဟုတ်) စပိန်နဲ့ နေးရှင်းလိဂ်တတိယနေရာလုပွဲ ကစားရပါမယ်။

#နယ်သာလန် #ခရိုအေးရှား #နေးရှင်းလိဂ် #ရော်နယ်ကိုးမန်း