ရှေ့သို့
Image

ဝါရင့်ကွင်းလယ်လူ မိုဒရစ်ရဲ့တည်ငြိမ်တဲ့ ခြေစွမ်းပိုင်းကို ချီးကျူးစကားဆိုလိုက်တဲ့ ခရိုအေးရှား နည်းပြဒါလစ်

4:05 PM, 15 June

ဒီနေ့မနက်ပိုင်း၊ နယ်သာလန်အသင်းကို အချိန်ပိုသွင်းဂိုးတွေအပါအဝင် ၄-၂ ဂိုး အနိုင်ရရှိခဲ့တဲ့ ဥရောပနေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ခရိုအေးရှားနည်းပြ ဒါလစ်က အသင်းရဲ့ဝါရင့်ကွင်းလယ်လူ၊ ကွင်းလယ်ဗိသုကာ မိုဒရစ်ရဲ့ တည်ငြိမ်တဲ့ခြေစွမ်းပိုင်းကို ချီးကျူးလိုက်ပါတယ်။

အသက်-၃၇ နှစ် အရွယ်ကစားသမားက ခရိုအေးရှား အတွက် အရေးပါတဲ့ အဖွင့်ဂိုးဖြစ်လာစေမယ့် ပယ်နယ်တီ အခွင့်အရေးကို ရရှိလာအောင် စွမ်းဆောင်ပေးခဲ့သလို အချိန်ပို ပွဲကစားချိန်အတွင်း ရရှိလာတဲ့ ပယ်နယ်တီ အခွင့်အရေးကိုလည်း သွင်းဂိုးအဖြစ်ပြောင်းလဲကာ ပွဲရလဒ်ပိုင်းအနိုင်အရှုံးကို ပြတ်ပြတ်သားသားအဖြေထုတ်ပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ရဲ့ကြယ်ပွင့်ကစားသမားဘ၀ ကုန်ဆုံးဖို့နီးကပ်လာချိန်မှာပဲ နည်းပြဒါလစ်ကတော့ လာမယ့်အချိန်အတိုင်းအတာတစ်ခုအထိ လက်ရှိခရိုအေးရှားကပ္ပတိန်ကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

ဒါလစ်က “မိုဒရစ်က ကျွန်တော်တို့ကို ရွှေတံဆိပ်ဆုရရှိအောင် ကူညီပေးနိုင်သူ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဉ်တွေပြီးရင်တော့ မိုဒရစ်က သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်သွားပါလိမ့်မယ်။ ဒါပေမယ့် သူသာ ပါဝင်ကစားမယ်ဆိုရင် ကျွန်တော်တို့ အသင်းက ပိုကောင်းလာသလို ပိုပြီးတော့လည်း အရည်အသွေးတွေ ရှိလာပါတယ်”လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၊ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားက တတိယဆု ဆွတ်ခူးနိုင်ခဲ့သလို လွန်ခဲ့တဲ့လေးနှစ်၊ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒုတိယဆု ရရှိခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ခရိုအေးရှားက စပိန်(သို့မဟုတ်)အီတလီနဲ့ ဥရောပနေးရှင်းလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရပါမယ်။ နည်းပြဒါလစ်ကတော့ ခရိုအေးရှားလက်ရွေးစင် အသင်းရဲ့ ရွှေခေတ်ကာလမှာ အဓိကမေဂျာဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ရွှေတံဆိပ်ဆုသာ ရရှိမယ်ဆိုရင် တကယ့်ကို ခမ်းနားတဲ့ ဆုလာဘ်တစ်ခုဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အသင်းနဲ့ ထိုက်တန်တယ်လို့လည်း ယူဆမိပါတယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့ခြောက်နှစ်တာကာလအတွင်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ပိုင်းကို ပြသနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်”လို့ ဒါလစ်က ဆက်ပြောခဲ့ပါတယ်။

#ခရိုအေးရှား #နေးရှင်းလိဂ် #မိုဒရစ် #ဒါလစ်