ရှေ့သို့
Image

နယ်သာလန်ကို အနိုင်ယူကာ နေးရှင်းလိဂ်ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှား

9:42 AM, 15 June

ဒီနေ့မနက်ပိုင်း၊ ဥရောပနေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားက အိမ်ရှင်နယ်သာလန်ကို အချိန်ပိုသွင်းဂိုးတွေနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ဖီယင်နုရဲ့အိမ်ကွင်း De Kuipမှာ ကစားတဲ့ အခုပွဲစဉ်မှာ ဥရောပထိပ်သီးအသင်းနှစ်ခု ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပွဲစဉ်ပီပီ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါ့အပြင် နာကျင်အချိန်ပိုချေပဂိုးအပါအဝင် ခရိုအေးရှား အတွက် ဒုတိယမြောက်နိုင်ငံတကာအဆင့်ဗိုလ်လုပွဲဆီ တက်ရောက်စေနိုင်မယ့် ပယ်နယ်တီသွင်းဂိုး ၂ ဂိုးနဲ့အတူ စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ အိမ်ရှင်နယ်သာလန်က ပွဲကိုအကောင်းဆုံး စတင်နိုင်ခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာ ဒွန်ယဲလ်မာလန်က နယ်သာလန်အတွက် ဦးဆောင်ဂိုးကို ပြိုင်ဘက်ဂိုးဧရိယာအတွင်း အပြင်းကန်သွင်းကာ ရယူခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အပြီးမှာတော့ နယ်သာလန်က ၁-၀ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်စတင်ပြီး မကြာခင်မှာပဲ နယ်သာလန်တိုက်စစ်မှူး ဂတ်ပိုရဲ့အမှားကြောင့် ရရှိလာတဲ့ ပယ်နယ်တီ အခွင့်အရေးကို ခရာမာရစ်က ချေပဂိုးအဖြစ် ပြောင်းလဲခဲ့သလို ပွဲချိန် ၇၂ မိနစ်မှာ ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ကစားဟန်မှတဆင့် ပါဆာလစ်က ခရိုအေးရှား အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။
ခရိုအေးရှားတို့ ဗိုလ်လုပွဲအဆင့်ဆီတက်ရောက်နိုင်တော့မယ်လို့ ယူဆနေချိန်မှာပဲ ချေပဂိုးရရှိဖို့ တိုက်စစ်မြှင့်ကစားလာတဲ့ နယ်သာလန်က လူစားဝင်ကစားသမားနိုအာလန်းရဲ့ half-volley ကန်ချက်နဲ့အတူ လိုအပ်နေတဲ့ ချေပဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကြောင့် သာမန်ပွဲကစားချိန်အပြီးမှာ နယ်သာလန်နဲ့ ခရိုအေးရှားတို့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေလို့ အချိန်ပိုမိနစ် ၃၀ ဆက်လက်ကစားခဲ့ရပါတယ်။

အချိန်ပို ၉၈ မိနစ်မှာတော့ ခရိုအေးရှား လူစားဝင်ကစားသမားပက်ကိုဗစ်က ဖရန့်ကီဒီဂျောင်ကို လှည့်စားကာ ပြိုင်ဘက်ဂိုးပေါက်ရဲ့ ၂၅ ကိုက် အကွာအဝေးမှ ခရိုအေးရှား အတွက် ဦးဆောင်ဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ နယ်သာလန်အသင်းခေါင်းဆောင်ဗန်ဒိုက်က အသင်းအတွက် ချေပဂိုး ရရှိဖို့ တိုက်စစ်အထိ လိုက်ပါကစားခဲ့ပေမယ့် နောက်ထပ်သွင်းဂိုး ထပ်မံရရှိခဲ့တာကတော့ ခရိုအေးရှားအသင်းပဲ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကိုတော့ မိုဒရစ်က ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့တာပါ။

အချိန်ပို ပွဲကစားချိန်ပြီးဆုံးချိန်မှာတော့ ခရိုအေးရှားက နယ်သာလန်ကို ၄-၂ ဂိုးနဲ့ အနိုင်ကစားကာ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာအဆင့် ပထမဆုံး ဆုဖလားဆွတ်ခူးနိုင်ဖို့အခွင့်အရေးရှိလာတဲ့ ခရိုအေးရှားက ဥရောပနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်(သို့မဟုတ်)အီတလီနဲ့ ရင်ဆိုင်ကစားရပါမယ်။

#နယ်သာလန် #ခရိုအေးရှား #နေးရှင်းလိဂ်