ရှေ့သို့
Image

ရီးရဲလ်ဆီ ပြောင်းရွှေ့ဖို့ သတင်းကြီးနေတဲ့ အမ်ဘာပေနဲ့ ပတ်သက်လို့ တုံ့ပြန်လာတဲ့ ကာမာဗင်ဂါ

1:17 PM, 14 June

အခုနွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်တိုက်စစ်ကြယ်ပွင့် အမ်ဘာပေနဲ့ ပတ်သက်လို့ လက်ရွေးစင်အသင်းဖော် ကာမာဗင်ဂါက သူ့ရဲ့အမြင်ကို ထုတ်ပြောလာပါတယ်။

ယမန်နေ့၊ ပြင်သစ်သတင်းမီဒီယာတွေရဲ့ဖော်ပြမှုအရ အမ်ဘာပေက ၂၀၂၄ ခုနှစ်နောက်ပိုင်း ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းဖို့ အစီအစဉ်မရှိဘူးလို့ အသိပေးထားတဲ့ စာတစ်စောင်ကို အသင်းအကြီးအကဲတွေဆီ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား အပြောင်းအရွှေ့ ဇာတ်လမ်းတွေကလည်း တဖန်ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ အမ်ဘာပေရဲ့ပြင်သစ်လက်ရွေးစင် အသင်းဖော်၊ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကာမာဗင်ဂါကို ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ စပိန်မြေခရီးစဉ် ဖြစ်ပေါ်လာနိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။

ကာမာဗင်ဂါက “ခင်ဗျားတို့သိထားတဲ့အတိုင်းပဲ သူပြောခဲ့တာပဲ။ ကျွန်တော်ကတော့ ဘာမှပြောစရာမရှိပါဘူး။ အမ်ဘာပေသာ ရီးရဲလ်မက်ဒရစ်ဆီ အမှန်တကယ်ရောက်ရှိလာမယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်မိပါလိမ့်မယ်။ လူတိုင်းကလည်း သူတို့အသင်းမှာ အမ်ဘာပေလို ကစားသမားကို လိုချင်ကြတာပါပဲ။ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်တစ်ခုချပြီး ကျွန်တော်တို့က အဲ့ဒီဆုံးဖြတ်ချက်အပေါ် လေးစားပေးရပါမယ်”လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးဖြစ်တဲ့ အမ်ဘာပေက ၂၀၂၂ ခုနှစ် အပြောင်းအရွှေ့ကာလမှာ စပိန်ထိပ်သီးကလပ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် ဒီအခွင့်အရေးကို လက်လွှတ်ကာ ပီအက်စ်ဂျီနဲ့ပဲ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ နှစ်နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမ်ဘာပေက ၂၀၂၄ ခုနှစ်နောက်ပိုင်း ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြင်သစ်အခြေစိုက် L’Equipe မှ ရေးသားဖော်ပြလာပါတယ်။

ပါရီအခြေစိုက်ကလပ်အတွက် အမ်ဘာပေနဲ့ စာချုပ်သစ်မချုပ်ဆိုနိုင်ရင် လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံမလား(သို့မဟုတ်) အခုနွေရာသီမှာပဲ ရောင်းထုတ်မလားဆိုတာ ဆုံးဖြတ်ရပါတော့မယ်။ ရီးရဲလ်မက်ဒရစ်ကတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အမ်ဘာပေကို အခုနွေရာသီမှာ ခေါ်ယူလိုတယ်ဆိုရင် ကြီးမားတဲ့ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်သုံးစွဲရဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်ဘက်က အမ်ဘာပေရဲ့အပြောင်းအရွှေ့အတွက် လှုပ်ရှားလာတာမျိုး မရှိသေးပါဘူး။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ကာမာဗင်ဂါ #အမ်ဘာပေ