ရှေ့သို့
Image

လီဗာပူးအတွက် ကတ်ဖရင်းသူရမ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်မျှော်လင့်နေတဲ့ နောက်ခံလူကိုနာတေး

10:08 AM, 14 June

လီဗာပူးနောက်ခံလူ ကိုနာတေးက ပြင်သစ်လက်ရွေးစင်အသင်းဖော် ကတ်ဖရင်းသူရမ်ကို အန်ဖီးလ်မှာ သူနဲ့ လာရောက်ပူးပေါင်းဖို့ မျှော်လင့်နေပြီး ဒီကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကျိုးသက်ရောက်မှုတစ်ခု ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

ယာဂန်ကလော့ပ်က အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းလူစာရင်း အတွက် အနည်းဆုံး ကွင်းလယ်လူ နှစ်ဦးလောက် ခေါ်ယူချင်နေပြီး ကလပ်ဘက်ကလည်း ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းနဲ့ အာဂျင်တီးနား လက်ရွေးစင်ကွင်းလယ်လူ မက်အယ်လစ္စတာကို ခေါ်ယူထားပါတယ်။ အလားတူ ပြင်သစ်ဂန္တဝင်လီလီယန်သူရမ်ရဲ့သား အသက်-၂၂ နှစ်အရွယ် နိုက်စ်ကြယ်ပွင့် ကတ်ဖရင်းသူရမ်ကိုလည်း လီဗာပူးက ထိပ်တန်းအပြောင်းအရွှေ့ ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

နိုက်စ် အသင်းဘက်ကတော့ အသင်းရဲ့အားထားရတဲ့ ကွင်းလယ်ကစားသမားကို ရောင်းချဖို့ ဝန်လေးနေပေမယ့် ပေါင် ၅၂ သန်းတန် ကမ်းလှမ်းမှုရှိလာရင် အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေ စတင်နိုင်တယ်လို့ ပြင်သစ်မှလာတဲ့ သတင်းတွေအရ သိရပါတယ်။ ဒီလိုအချိန်မှာပဲ လီဗာပူးနောက်ခံလူကိုနာတေးက သူရမ်ကို မာဆေးဆိုဒ်ဒေသဆီ ခေါ်ယူချင်နေတဲ့ ဆန္ဒကို ထုတ်ဖော်ပြသလိုက်ပြီး သူ့ရဲ့ညီငယ်တစ်ဦးလို စောင့်ရှောက်ပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။

RMC Sport သတင်းဌာနနဲ့တွေ့ဆုံချိန် ကိုနာတေးက “ကတ်ဖရင်းသူရမ်သာ လီဗာပူးဆီ လာမယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်မိပါလိမ့်မယ်။ ကျွန်တော် သူ့ကို စောင့်ရှောက်ပေးပြီး သူဖြစ်ချင်တဲ့ကစားသမားမျိုး ဖြစ်လာအောင် သူ့အတွက် ကျွန်တော် အရာအားလုံးလုပ်ဆောင်ပေးသွားပါမယ်။ ကတ်ဖာရင်းသူရမ်က ကျွန်တော့်ရဲ့ညီငယ်တစ်ဦးလိုပါပဲ။ သူကြီးပြင်းလာတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်က သူ့ရဲ့အစ်ကို မားကပ်စ်သူရမ်နဲ့ လေ့ကျင့်ရေးကွင်းမှာ ရှိခဲ့ပေမယ့် ဒီကောင်လေး ကြီးပြင်းလာတာကိုလည်း မြင်တွေ့ခဲ့ရသူပါ။ သူူ့ရဲ့စွမ်းဆောင်ရည်နဲ့ တိုးတက်မှုက အဆင့်တစ်ခုမှာရှိနေတယ်ဆိုတာ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒါက မယုံကြည်နိုင်စရာပါပဲ။ ကတ်ဖာရင်းသူရမ်ကို ပြင်သစ်အသင်းအတွက် ပထမဆုံး အကြိမ် ရွေးချယ်လိုက်ချိန်မှာ လေ့ကျင့်ရေးကွင်းဆီ သူဝင်လာတာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတွေကြောင့် ကျွန်တော်လည်း တကယ့်ကို အံ့အားသင့်မိခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ကိုနာတေးလည်း အသက်-၂၂ နှစ်အရွယ်မှာပဲ လိုက်ပ်ဇစ်မှ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူရမ်အနေနဲ့ အသင်းပြောင်းရွှေ့ရန် အချိန်စောလွန်းနေသေးတယ်ဆိုတဲ့ ပြောဆိုမှုတွေကို လစ်လျူရှုထားရန် ကိုနာတေးက တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်က လိုက်ပ်ဇစ်ကနေ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့တာပါ။ လူတွေကတော့ ဒီလိုမပြောင်းသင့်သေးဘူး၊ အချိန်စောလွန်းနေသေးလို့ မှန်ကန်တဲ့ ရွေးချယ်မှုမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ အဆုံးမှာတော့ အဲ့ဒီလိုပြောတဲ့သူတွေ မှားယွင်းကြောင်း ကျွန်တော်သက်သေပြခဲ့ပါတယ်။ ဒါကြောင့် လူတွေပြောနေတာကို သိပ်နားမထောင်သင့်ပါဘူး။ လီဗာပူးဆီ ပြောင်းလာဖို့အခွင့်အရေးတစ်ခုသာ ကတ်ဖရင်းသူရမ်ဆီမှာ ရှိမယ်ဆိုရင် သူ့ရဲ့နောက်မှာလိုက်ပါလာမယ့် စိတ်အားထက်သန်မှုကို သူအံ့အားသင့်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အလုပ်လုပ်ဖို့ကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူက ငယ်ရွယ်သေးတယ်ဆိုပေမယ့် တိုးတက်မှုအတွက် မယုံကြည်နိုင်လောက်အောင် ခြေစွမ်းပြသနေတာကြောင့် ကျွန်တော်ကတော့ သူ့ကို ယုံကြည်ထားပါတယ်”လို့ ကိုနာတေးက ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #နိုက်စ် #ကိုနာတေး #သူရမ် #ပရီးမီးယားလိဂ်