ရှေ့သို့
Image

နေရာပြောင်းလဲကစားဖို့ ဘယ်အရာက တွန်းအားဖြစ်စေခဲ့သလဲဆိုတာ ထုတ်ပြောလာတဲ့ ဂတ်ပို

4:36 PM, 12 June

လီဗာပူးကြယ်ပွင့်ဂတ်ပိုက ဘယ်တောင်ပံတိုက်စစ်သမားနေရာမှ ဗဟိုတိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားမှုအပေါ် တွန်းအားဖြစ်စေခဲ့တဲ့အရာကို ထုတ်ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးဆီ ရောက်ရှိလာတဲ့ နယ်သာလန်ကစားသမားက အန်ဖီးလ်မြေမှာ အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့ရပါတယ်။ ဒါပေမယ့် ဂတ်ပိုရဲ့အဆိုအရ နယ်သာလန်နည်းပြဟောင်းဟစ်ဒင့်က သူ့ကို ဘယ်တောင်ပံကစားသမားအဖြစ်မှ ဗဟိုတိုက်စစ်မှူးနေရာသို့ ပြောင်းလဲကစားရန် အကြံပေးခဲ့တယ်လို့ သိရပါတယ်။

အသက်-၂၄ နှစ်အရွယ်ကစားသမားက အစပိုင်းမှာ ဗဟိုတိုက်စစ်မှူးအဖြစ်ကစားဖို့ စိတ်မဝင်စားခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းပြသခဲ့တဲ့ သူရဲ့စွမ်းဆောင်ရည်ပိုင်းတွေကြောင့် စိန်ခေါ်မှုသစ်တွေကို လက်ခံသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂတ်ပိုက လီဗာပူးအတွက် ပရီးမီးယားလိဂ် ၂၁ ပွဲကစား၊ ခုနစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုသုံးကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဂတ်ပိုက “နေရာပြောင်းလဲကစားဖို့ တိုက်တွန်းခဲ့တာ ဟစ်ဒင့်က ပထမဆုံးပဲ။ ဟစ်ဒင့်ရဲ့ ပီအက်စ်ဗွီအသင်းလက်ထောက်နည်းပြဘဝမှာ အလုပ်တွေရှုပ်နေတဲ့ ကျွန်တော့်ကို မြင်တွေ့သွားပြီး မင်းက အထောင်တိုက်စစ်မှူးတစ်ဦး(သို့) False 9 တစ်ဦး ဖြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီစကားကို မယုံကြည်ခဲ့ပါဘူး။ 

ပီအက်စ်ဗွီမှာပဲ ရိုဂျာရှမစ်က အဲ့ဒီအတိုင်း ထပ်ပြောလာပြန်ပါတယ်။ အဲ့ဒီအချိန်ကာလမှာ ကျွန်တော်က အခုထက်ပိုပြီး ခေါင်းမာခဲ့သလို ဘယ်တောင်ပံမှာကစားရတာ ကောင်းမွန်တယ်လို့ ယူဆခဲ့ပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကျွန်တော်က အထောင်တိုက်စစ်မှူးအဖြစ် ပါဝင်ခဲ့ရပြီး လီဗာပူးမှာလည်း လွန်ခဲ့တဲ့ခြောက်လအတွင်း အဲ့ဒီလိုပုံစံမျိုးပဲ ကစားခဲ့ရပါတယ်။ ဒီလိုကစားရတာ ကောင်းပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ ဗဟိုတိုက်စစ်မှူးအဖြစ် ပိုကောင်းအောင်ကစားဖို့  စိတ်လှုပ်ရှားနေပါတယ်။ ဟုတ်ပါတယ်၊ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း အဲ့ဒီအတိုင်းပဲ ကစားပါတယ်။

ကျွန်တော်တို့က အရည်အသွေးမြင့်တောင်ပံကစားသမားနှစ်ဦးနဲ့အတူ ဗဟိုတိုက်စစ်မှူးတစ်ဦးက ကွင်းလယ်ဆီ ဆင်းပေးတဲ့ ကစားပုံမျိုးနဲ့ ကစားလေ့ရှိပါတယ်။ လီဗာပူးဆီ ကျွန်တော် ရောက်ရှိလာချိန်မှာလည်း ကလော့ပ်က တိုက်စစ်မြှားဦးမှာကစားပေးဖို့ ကျွန်တော့်ကို ပြောပါတယ်။ ပြီးတော့ ဒါကို အခုချိန်မှာ ကျွန်တော် လုပ်နေပါပြီ။ ကျွန်တော်တို့နဲ့အတူ ညာခြမ်းမှာဆိုရင် မိုဆာလက်ရှိပါတယ်။ သူက နှစ်ပေါင်းများစွာ ထိပ်တန်းခြေစွမ်းပိုင်းကို ပြသထားတဲ့ကစားသမား ဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာဆိုရင်လည်း သူ့ကို ဦးဆောင်သူအဖြစ် ရှုမြင်ထားပါတယ်။ အချက်အလက်တွေ ဘယ်လိုပဲပြသနေပါစေ၊ အရေးကြီးတယ်လို့ ကျွန်တော်မထင်မြင်မိပါဘူး။ ကျွန်တော် ကစားခွင့်ရနေချိန် အသင်းကို ကူညီပေးချင်ရုံပါပဲ။ ပြီးတော့ အခု ဒီနေရာမှာ ကစားရတာ ပျော်ရွှင်နေပါပြီ” လို့ နယ်သာလန်သတင်းဌာန AD နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။

လီဗာပူးက လာမယ့်ဇူလိုင် ၈ ရက်မှသာ အသင်းကစားသမားတွေကို AXA လေ့ကျင့်ရေးကွင်းမှာ ပြန်လည်စုစည်းကာ ဆေးစစ်မှုတွေ၊ ကြံံ့ခိုင်မှုစစ်ဆေးတာတွေ လုပ်ဆောင်ပါလိမ့်မယ်။ ဒီနောက်မှာတော့ ဂျာမနီနိုင်ငံဆီ ရာသီကြိုခရီးစဉ်ထွက်ခွာဖို့ ရှိပါတယ်။

#လီဗာပူး #ဂတ်ပို