ရှေ့သို့
Image

မန်စီးတီးအသင်းရဲ့ဖလားသုံးလုံးအောင်မြင်မှုနောက်ကွယ်က အသံတိတ်သူရဲကောင်း(သို့) ဂျွန်စတုန်း

12:35 PM, 12 June

ဂျွန်စတုန်း ကွင်းလယ်တက်ကစားတယ်ဆိုတာက ဆွေးနွေးစရာကြီးကြီးမားမားကိစ္စမျိုးမဟုတ်တော့ပေမယ့် နံပါတ်၈နေရာကနေ ရှေ့တက်ကစားတယ်ဆိုတာမျိုးကတော့ ပြောစရာဖြစ်လာပါတယ်။

ဂျွန်စတုန်းကိုယ်တိုင်ကလည်း ဒီလိုမျိုးကွင်းလယ်လူအဖြစ်နဲ့ကစားရတာကို ပျော်ရွှင်နေတယ်ဆိုတာ သိသာပါတယ်။ တစ်သင်းလုံးပျာပျာသလဲဖြစ်နေပြီး ဂွါဒီယိုလာကတောင် အေးဆေးကစားဖို့ ညွှန်ကြားနေချိန် စတုန်းကတော့ အေးဆေးဖြစ်နေပြီး ဘောလုံးနဲ့အတူ အင်တာမီလန်ဧရိယာထဲအထိတောင် ဆွဲပြေးသွားပါသေးတယ်။

ပွဲပြီးခါနီးမှာ လူစားလဲမခံရခင် စတုန်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ပွဲမှာ ၂၀၁၅ခုနှစ်က မက်ဆီနောက်ပိုင်း တစ်ဦးချင်းကျော်ဖြတ်မှုအများဆုံးပြုလုပ်နိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ သူ ထွက်သွားတဲ့အချိန် စီးတီးပရိသတ်တွေ မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့တာကလည်း မဆန်းပါဘူး။

ချန်ပီယံလိဂ်ဖလားဗိုလ်စွဲပြီး တစ်သင်းလုံးအောင်ပွဲခံနေချိန် ဂွါဒီယိုလာကိုယ်တိုင် စတုန်းကို ပွေ့ဖက်ပြီး ခြေစွမ်းအပေါ် အသိအမှတ်ပြုမှုကို ပြသခဲ့ပါတယ်။ စီးတီးရဲ့သမိုင်းဝင်အောင်မြင်မှုထဲ စတုန်းဟာ သူရဲကောင်းတစ်ဦးဆိုတာကို ဂွါဒီယိုလာတစ်ယောက် နားလည်ထားလို့ ယခုလို အသိအမှတ်ပြုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

စတုန်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်းကို ကွင်းလယ်မှာ ကစားခဲ့ရသလို ယူနိုက်တက်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း အလားတူပုံစံမျိုးနဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အင်္ဂလန်သားဟာ ကွင်းလယ်လူအဖြစ်သာ အများစုကစားခဲ့ရပါတယ်။

စတုန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းကတော့ နေရာမရလို့အသင်းပြောင်းဖို့တောင် နီးစပ်ခဲ့သူတစ်ဦးပါ။ ၂၀၁၉-၂၀ရာသီမှာဆိုရင် စတုန်းတစ်ယောက် ချန်ပီယံလိဂ်တစ်ပွဲမှာပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် နွေရာသီမှာ မန်စီးတီးက ရုဘင်ဒီယက်စ်နဲ့ နက်သန်အကီတို့ကို နှစ်ဦးပေါင်း သန်း၁၀၀ကျော်နဲ့ခေါ်ယူခဲ့ပါသေးတယ်။

ကလပ်အသင်းမှာနေရာမရခဲ့တာကြောင့် အင်္ဂလန်အသင်းလူစာရင်းမှာလည်း ပါဝင်ခွင့်မရခဲ့ပဲ ကစားသမားဘ၀တစ်လျှောက် အခက်ခဲဆုံးအခိုက်အတန့်လို့တောင် ဖော်ပြခံခဲ့ရပါတယ်။ ဒါပေမယ့် စတုန်းရဲ့ မဆုတ်မနစ်ကြိုးစားမှုကတော့ နောက်ဆုံးမှာ အရာထင်လာခဲ့ပြီး ဂွါဒီယိုလာကတောင် အရမ်းကောင်းတဲ့ကစားသမားအဖြစ် ချီးကျူးခြင်းခံခဲ့ရပါတယ်။

ဂွါဒီယိုလာ ဖန်တီးပေးလိုက်တဲ့ နေရာသစ်မှာ စတုန်းတစ်ယောက် ခြေစွမ်းပြနိုင်ခဲ့သလို ပြိုင်ဘက်တွေကိုလည်း ရှုပ်ထွေးသွားစေတာကြောင့် အလုပ်ဖြစ်မယ်လို့ပြောရမှာပါ။

ကမ္ဘာ့ဖလားမတိုင်ခင် ရာသီအစအစောပိုင်းက စတုန်းဟာ အင်္ဂလန်အတွက် သာမန်ခံစစ်မှူးအဖြစ်သာ ကစားနေခဲ့ရပြီး ဂွါဒီယိုလာက ဝေါလ်ကာ ဒဏ်ရာရနေချိန် စတုန်းကို ညာနောက်ခံလူအဖြစ် စမ်းသပ်အသုံးပြုခဲ့ပါတယ်။

ခံစစ်မှူးတစ်ယောက်ကို ညာနောက်ခံလူအဖြစ်ထားကစားစေတာက ဂွါဒီယိုလာအတွက် ပထမဆုံးအကြိမ်မဟုတ်ပဲ ဒီလိုထားကစားရခြင်းက ကွင်းလယ်မှာ ပြိုင်ဘက်တွေထက် ကစားသမားပိုများအောင် ပြုလုပ်တာအပြင် ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်တွေကို တားဆီးရာမှာလည်း သက်ရောက်မှုကြီးမားစေပါတယ်။

ဒါပေမယ့် ရီကိုလူးဝစ်၊ ဇင်ချန်ကို၊ ကန်ဆယ်လိုတို့ကို ညာနောက်ခံလူအဖြစ် အသုံးပြုခြင်းနဲ့ စတုန်းကို အသုံးပြုခြင်းက ကွဲပြားပါတယ်။ စတုန်းဟာ ဘောလုံးကိုင်ထားချိန်မှာ နည်းစနစ်ပိုင်းအရရော၊ ကျစ်လစ်မှုပိုင်းမှာပါ အဆိုပါကစားသမားတွေလောက်အဆင့်ရှိသလို ဂွါဒီယိုလာရဲ့နည်းစနစ်မှာ အံဝင်စေမယ့် နောက်ခံလူစစ်စစ်တစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ 

အကီကိုလည်း ဂွါဒီယိုလာက နောက်ခံအစွန်လူအဖြစ်ထားကစားပြီး ဒီလိုကစားတာက ခံစစ်ကို ပိုကျစ်လစ်စေပေမယ့် ဒီလိုအပြောင်းအလဲက စတုန်း ကွင်းလယ်တက်ကစားတဲ့ မတ်လလောက်မှ ဂွါဒီယိုလာ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ စတုန်းဟာ ညာနောက်ခံလူက ကွင်းလယ်တက်ကစားနေတာထက် ကွင်းလယ်လူတစ်ဦးက ညာနောက်ခံလူနေရာ ဆင်းကစားနေတဲ့ပုံစံမျိုးပိုမြင်လာရပါတယ်။

စတုန်းဟာ မတ်လ၁၄ရက်နေ့က ကွင်းလယ်မှာ ရိုဒရီနဲ့အတူ ပထမဆုံးတွဲကစားခွင့်ရခဲ့ပြီး အကန်ဂျီ၊ ဒီယက်စ်နဲ့ အကီတို့က ခံစစ်သုံးယောက်တန်းမှာ ရှိနေကာ အဆိုပါပွဲစဉ်အတွင်း လိုက်ပ်ဇစ်ကို ၇ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

စတုန်းရဲ့အဆိုပါပွဲစဉ်က စွမ်းဆောင်ရည်ဟာ အထူးကောင်းမွန်ခဲ့ပြီး လူပေးမှားတာမျိုး တစ်ကြိမ်မှမရခဲ့ပါဘူး။ လာမယ့်ပွဲအတွက် အင်အားခြွေတာတဲ့အနေနဲ့ ၆၃မိနစ်မှာ လူစားလဲခံခဲ့ရတာမျိုးက ဂွါဒီယိုလာအတွက် သူဘယ်လောက်ထိ အရေးပါလာတယ်ဆိုတာ မြင်တွေ့နေရပါတယ်။

အဆိုပါပွဲစဉ်ကနေ ရာသီကုန်ထိ မန်စီးတီးအသင်းဟာ ပွဲ၂၀မှာ ၈ပွဲအထိ clean sheetရခဲ့ပြီး စတုန်းရှိနေတဲ့ပွဲတိုင်းမှာ တစ်ဂိုးထက်ပိုမပေးခဲ့ရပါဘူး။

ဟာလန်းနဲ့ ဒီဘရိုင်းတို့က ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုမှာ ပထမနဲ့ ဒုတိယအသီးသီးရခဲ့ပြီး ပရိသတ်အများစုရဲ့ချီးကျူးမှုရခဲ့ပေမယ့် စတုန်းရဲ့ကစားပုံအပြောင်းအလဲက မန်စီးတီးရဲ့အောင်မြင်မှုတွေမှာ အကြီးမားဆုံးပါဝင်ပတ်သက်နေခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကြည့်မယ်ဆိုရင်လည်း စတုန်းနေရာမှာ ဝေါ်လ်ကာ ဝင်လာပြီးမှ အင်တာဘက်က အကောင်းဆုံးအခွင့်အရေးတစ်ခုစရခဲ့တာပါ။

အဆိုပါပွဲမတိုင်ခင် ခံစစ်အတွက်ပဲ အာရုံစိုက်နေရတဲ့ စတုန်းဟာ အင်တာနဲ့ပွဲမှာ တစ်ဦးချင်းကျော်ဖြတ်မှု ၈ကြိမ်ပြုလုပ်ရာမှာ ၇ကြိမ်အောင်မြင်ခဲ့သလို စီးတီးကွင်းဘက်ခြမ်းထက် အင်တာကွင်းဘက်ခြမ်းမှာ ဘောလုံးထိချက်ပိုများခဲ့ပါတယ်။

ပထမပိုင်းမှာဆိုရင် စတုန်းရဲ့ Free Roleကစားမှုအပေါ် အသင်းဖော်တွေတောင် အံ့အားသင့်နေခဲ့ကြပြီး ဘောလုံးပေးဖို့ မေ့လျော့နေခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာတော့ အသင်းဖော်တွေဟာ စတုန်းနဲ့ ဟန်ချက်ညီညီကစားလာနိုင်ခဲ့ကာ အင်တာကို ပိုမိုထိုးနှက်လာနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရရှိခဲ့တဲ့ အနိုင်ဂိုးမှာလည်း ဂျွန်စတုန်းရဲ့ ဘောလုံးပေးပို့ချက်တွေ၊ လှုပ်ရှားမှုတွေက အလွန်အရေးပါခဲ့ပါတယ်။ 

အရင်က မန်စီးတီးအသင်းမှာမရှိခဲ့တဲ့ ခံစစ်ပိုင်းဆိုင်ရာလုံခြုံမှုကို စတုန်းက ပေးစွမ်းနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်း ယခုလိုအလုံးစုံအောင်မြင်မှုရခဲ့တာလို့ ပြောရမှာပါ။ ခံစစ်မှူးနေရာကနေ နံပါတ်၈နေရာ ပြောင်းကစားခဲ့မှုက ယခုနှစ် မန်စီးတီးရဲ့ဖလားသုံးလုံးအောင်မြင်မှုအတွက် အလွန်အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။

#မန်စီးတီး #ဆောင်းပါးများ #ချန်ပီယံလိဂ် #ဂျွန်စတုန်း #ပရီးမီးယားလိဂ်