ရှေ့သို့
Image

မန်စီးတီးအတွက် သမိုင်းဝင်ဖလားသုံးလုံးရယူပေးခဲ့တဲ့ ဂွာဒီယိုလာထံ ဂုဏ်ပြုမက်ဆေ့ချ်ပေးပို့ခဲ့တဲ့ ဖာဂူဆန်

1:37 PM, 11 June

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက သူသည် သမိုင်းဝင် ဖလား ၃ လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္တဝင်မန်ယူမန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ထံမှ ဂုဏ်ပြု မက်ဆေ့ချ်ကို ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


မန်စီးတီးအသင်းဟာ စနေနေ့ညက အင်တာမီလန်ကို ၁-၀ နဲ့ အနိုင်ရရှိကာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့အပြင် ချန်ပီယံလိဂ်ဖလားကိုပါ ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။


ထို့နောက်တွင် ဂွာဒီယိုလာက "ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို အတုယူခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ဒီမနက် သူ့ဆီကနေ မက်ဆေ့ချ်တစ်ခုရခဲ့တယ်။ ကျွန်တော့်အတွက်ကောင်းတဲ့ အရာတွေပါပဲ။"လို့ပြောကြားခဲ့ပါတယ်။


အသက် ၅၂ နှစ်အရွယ် စပိန်သားဟာ ပွဲချိန် ၆၈ မိနစ်မှာ ရိုဒရီ ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အင်တာမီလန်ကို အနိုင်ရရှိခဲ့ပြီး ယခုရာသီမှာ ဖလားသုံးလုံး စုဆောင်းဖို့ဆိုတဲ့ရည်မှန်းချက်ဟာ အောင်မြင်ခဲ့ပါတယ်။


ယူနိုက်တက်အသင်းအတွက် ၁၉၉၉ ခုနှစ်မှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေ ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ရရှိခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ကို အတုယူခဲ့တဲ့ ဂွာဒီယိုလာဟာ ယခုအခါ မန်စီးတီးအတွက် အဓိကဆုဖလား ၁၂ လုံးထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ သူလည်းဖြစ်ပါတယ်။


ဒါတင်မကဘဲ သူဟာ ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာနည်းပြအဖြစ် စပိန်မှာလည်း အောင်မြင်ခဲ့ပြီး လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြလည်း ဖြစ်ခဲ့ပါတယ်။


ဂွာဒီယိုလာဟာ မန်နေဂျာအဖြစ် ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရယူထားပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ က ၄ ကြိမ်ရယူထားပြီးဖြစ်ပါတယ်။


ဒါပေမယ့် ပိုင်ရှင် ရှိတ်မန်ဆွာ ဟာ ၂၀၀၈ ခုနှစ်မှာ ကလပ်ကို ဝယ်ယူကတည်းက တောင့်တခဲ့တဲ့ မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့ပြီဖြစ်ပါတယ်။


"အားလုံးပင်ပန်းနေတယ်ဆိုတာကျွန်တော်သိပါတယ်။ စိတ်အေးအေးထားကြပါ။ အနိုင်ရဖို့က အရမ်းခက်ခဲပါတယ်။ အင်တာမီလန်က တကယ်ကောင်းပါတယ်။ စိတ်ရှည်ရှည်နဲ့ အခွင့်အရေးတွေကို စောင့်ပါ။ ချန်ပီယံလိဂ်ကို ကျွန်တော်တို့ပိုင်ရမှာပါ" ဟု ၎င်း၏ ကစားသမားတိုင်းကို ပွေ့ဖက်ပြီးနောက် ဂွာဒီယိုလာက ၎င်းရဲ့ ခံစားချက်တွေကိုပြောကြားခဲ့ပါတယ်။


ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၂၇ ပွဲတွင် ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်ရှိလာခဲ့သည့် ဂွာဒီယိုလာ၏ အသင်းသည် ၎င်းတို့၏ အစီအစဉ်ကို အကောင်အထည်ဖော်ပြီး မန်စီးတီး၏ စည်းမျဥ်းကို အနှောင့်အယှက်ပေးသော အင်တာမီလန်အသင်း ကို အနိုင်ရရှိခဲ့ပါတယ်။


မန်စီးတီးသည် ပထမပိုင်း ၃၆ မိနစ်တွင် ကွင်းလယ်ကစားသမား ဒီဘရိုင်းကို ဒဏ်ရာပြဿနာကြော်င့ဖြင့် ဆုံးရှုံးခဲ့ရပြီး ယခုရာသီတွင် ၅၂ ဂိုး သွင်းယူထားသည့် ဟာလန်း ကို အင်တာမီလန်၏ ခံစစ်မှ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


"ကျွန်တော်တို့ဟာ အကောင်းဆုံးပုံစံမှာမရှိခဲ့ပါဘူး။ ကမ္ဘာ့ဖလားအပြီးမှာ အသင်းကို တိုးတက်အောင်လုပ်နိုင်ခဲ့ပြီး လိုချင်တဲ့နေရာကို ရောက်ရှိနိုင်ခဲ့ပေမယ့် ဒါဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်မှုတော့ မဟုတ်ပါဘူး'' ဟု ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ချန်ပီယံလိဂ် #ဖာဂူဆန်