ရှေ့သို့
Image

မန်စီးတီးကို ယှဉ်ကစားနိုင်ခဲ့တယ်လို့ ဖွင့်ပြောလာတဲ့ အင်တာမီလန်တောင်ပံကစားသမားဒီမာကို

10:20 AM, 11 June

ဒီနေ့မနက်ပိုင်း၊ အစ္စတန်ဘူလ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်က ချန်ပီယံလိဂ်ဆုဖလားရရှိနိုင်ရေး မျှော်လင့်ချက်နဲ့ စုဖွဲ့တည်ဆောက်ထားတဲ့ မန်စီးတီးကို ယှဉ်ကစားနိုင်ခဲ့တယ်လို့ အင်တာမီလန်တောင်ပံလူ ဒီမာကိုက ဖွင့်ပြောလာပါတယ်။

အခုပွဲစဉ်က အများမျှော်လင့်ထားသလိုပဲ မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပြီး ပွဲချိန်ဒုတိယပိုင်း၊ ကွင်းလယ်လူရိုဒရီရဲ့သွင်းဂိုးကြောင့်သာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ပွဲတစ်ခုဖော်ဆောင်နိုင်ခဲ့တာပါ။

တဖက်မှာလည်း အင်တာမီလန်က အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အပိုင်အသုံးမချနိုင်ခဲ့လို့ လိုအပ်နေတဲ့ချေပဂိုးကို မရှာဖွေနိုင်ခဲ့ပါဘူး။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး Sport Mediaset သတင်းဌာနနဲ့တွေ့ဆုံချိန် ဒီမာကိုက “လက်ရှိမန်စီးတီးအသင်းက ချန်ပီယံလိဂ်ဆုဖလားရရှိဖို့အရေး တည်ဆောက်ထားတဲ့အသင်းဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ကျွန်တော်တို့အသင်းက ဒီလိုအသင်းမျိုးကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာမျိုးက ကိုယ်ကန်သွင်းချိန်မှာ ဂိုးမဝင်ဘူးဆိုရင် ဒီအချက်က ဗိုလ်လုပွဲတစ်ခုလုံးရဲ့ရလဒ်ပိုင်းကို အပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီအသင်းအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တွေ ၁၂၀ ရာခိုင်နှုန်းပေးဆပ်ခဲ့ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီဇီကို၊ အငှားတိုက်စစ်မှူးလူကာကူတို့ရဲ့စာချုပ်သက်တမ်းတွေကလည်း ကုန်ဆုံးသွားပြီဖြစ်ပေမယ့် ဒီမာကိုကတော့ လက်ရှိအင်တာမီလန်အသင်းမှာ တောက်ပတဲ့ အနာဂတ်တစ်ခုကို မြင်တွေ့နေရတယ်လို့ သုံးသပ်လိုက်ပါတယ်။

“အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်ဆီမှ မြင်တွေ့ခဲ့ရတဲ့အရာတွေကို စဉ်းစားကြည့်မယ်ဆိုရင် ဒါက စမှတ်တစ်ခုသာဖြစ်ဖို့လိုအပ်ပြီး နိဂုံးမဟုတ်ဘူးဆိုတာပဲလို့ ကျွန်တော်ထင်ပါတယ်”လို့ ဒီမာကိုက ဆက်ပြောခဲ့ပါတယ်။

အခုပွဲရလဒ်ပိုင်းကြောင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပပြိုင်ပွဲတိုင်းရဲ့ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်လာတဲ့ အီတလီကလပ်အသင်းတွေအားလုံး ဆုဖလားနဲ့လွဲချော်ခဲ့တဲ့မှတ်တမ်းတစ်ရပ် ဖြစ်ပေါ်စေခဲ့ပါတယ်။

#အင်တာမီလန် #ချန်ပီယံလိဂ် #ဒီမာကို