ရှေ့သို့
Image

အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာပါလို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ထုတ်ပြောလာတဲ့ ရိုဒရီ

9:05 AM, 11 June

ဒီနေ့မနက်ပိုင်း၊ အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူရိုဒရီက အခုအောင်ပွဲဟာ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာပါလို့ တင်စားပြောဆိုခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ စပိန်လက်ရွေးစင်ကစားသမားက အခုပွဲစဉ်အတွက် တစ်လုံးတည်းသောသွင်းဂိုးကို ရယူခဲ့ပြီးနောက် မန်စီးတီးက ဘောလုံးရာသီတစ်ခုအတွင်း သမိုင်းဝင်ဆုဖလားသုံးလုံးအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ ကွင်းလယ်လူက သူတို့အသင်းဟာ မန်စီးတီးအတွက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ အရာအားလုံးပေးဆပ်ကစားခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

တဖက်မှာလည်း အင်တာမီလန်က လိုအပ်နေတဲ့ချေပဂိုးရရှိဖို့ အခွင့်အရေးကောင်းအချို့ဖန်တီးနိုင်ခဲ့ပေမယ့် လူကာကူရဲ့အနီးကပ်ခေါင်းတိုက်ချက်ကို ဂိုးသမားအီဒါဆန်ကာကွယ်နိုင်ခဲ့မှုအပါအဝင် သွင်းဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့လို့ သာမန်ပွဲကစားချိန်အပြီး ပြိုင်ဘက်ကို လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။

ဗိုလ်လုပွဲအပြီး BT Sport သတင်းဌာနနဲ့တွေ့ဆုံချိန် ရိုဒရီက “စိတ်လှုပ်ရှားစရပါပဲ။ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာခဲ့တာပါ။ ဒီနေရာမှာရှိနေတဲ့ ပရိသတ်ကြီးကလည်း အခုလိုအောင်ပွဲရရှိဖို့ ဘယ်လောက်ကြာကြာစောင့်ဆိုင်းခဲ့ရလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုက ပရိသတ်ကြီးနဲ့ထိုက်တန်သလို ကျွန်တော်တို့နဲ့လည်း ထိုက်တန်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ချန်ပီယံလိဂ်ဆုဖလားရရှိဖို့ ကျွန်တော်တို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်။ လွယ်တော့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ရင်ဆိုင်ရတဲ့အသင်းက ခံစစ်စုဖွဲ့မှုကောင်းသလို တန်ပြန်တိုက်စစ်ကစားပုံလည်း ကောင်းမွန်ပါတယ်။

ကျွန်တော်တို့ အရာအားလုံးပေးဆပ်ခဲ့ပါတယ်။ ဗိုလ်လုပွဲဆိုတာက ဒီလိုမျိုးပါပဲ။ အမြဲတမ်းတော့ အရမ်းကောင်းအောင် ကစားနိုင်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ စိတ်ခံစားမှုနဲ့ ထိတ်လန့်တုန်လှုပ်စရာတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့က သားရဲတိရစ္ဆာန်တွေလိုမျိုး ရင်ဆိုင်ကစားခဲ့ပါတယ်။

နောက်ထပ်ရည်မှန်းချက်တွေဆီလည်း အရောက်သွားချင်ပါသေးတယ်။ ဒါက အိပ်မက်တစ်ခုပါ။ အခုလိုအခိုက်အတန့်က ဘယ်တော့မှထပ်ရှိလာတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က နောက်နှစ်အတွက် မျှော်လင့်ထားပေမယ့် အခုလိုအောင်ပွဲခံမှုနဲ့လည်း ထိုက်တန်ပါတယ်။ အခုအောင်မြင်မှုက အဂွေရို၊ ဒေးဗစ်ဆေးလ်ဗားတို့လို ဒီကလပ်အသင်းကို ပျိုးထောင်ပေးခဲ့တဲ့ကစားသမားတွေအတွက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ချန်ပီယံသရဖူဆောင်းနိုင်ခဲ့တဲ့ မန်စီးတီးက အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကလည်း ၂၀၀၈-၂၀၀၉ ဘောလုံးရာသီ ဘာစီလိုနာနဲ့ ဆုဖလားသုံးလုံးအောင်မြင်မှုရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုဘောလုံးရာသီမှာ မန်စီးတီးနဲ့အတူ ထပ်မံစွမ်းဆောင်ပြခဲ့လို့ မတူညီတဲ့ကလပ်အသင်းနှစ်ခုကို ဘောလုံးရာသီတစ်ခုအတွင်း ဖလားသုံးလုံးအောင်မြင်မှုဆွတ်ခူူးအောင် လမ်းပြနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အလားတူ မန်စီးတီးကလည်း ဗီလာ၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ရဲ့နောက် ချန်ပီယံလိဂ်ဆုဖလားရရှိတဲ့ အင်္ဂလန်ကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။

#မန်စီးတီး #ရိုဒရီ #ဂွါဒီယိုလာ #ချန်ပီယံလိဂ်