ရှေ့သို့
Image

နိုက်စ် ကွင်းလယ်လူ သူရမ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားတဲ့ လီဗာပူး

4:31 PM, 9 June

အခုသီတင်းပတ်အတွင်းမှာပဲ ဘရိုက်တန် ကွင်းလယ်လူ မက်အယ်လစ္စတာကို ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးက နောက်ထပ် ကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတလျှောက်လုံး ဖာဘင်ဟိုရဲ့စွမ်းဆောင်ရည်ပိုင်း ကျဆင်းခဲ့မှုကြောင့် ရာသီသစ်မစတင်မီ အသင်းအတွက် ခံစစ်အားသန်ကွင်းလယ်တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။ နိုက်စ်ကွင်းလယ်လူ သူရမ်ကတော့ အန်ဖီးလ်ကလပ်အတွက် ပစ်မှတ်တစ်ခုဖြစ်ပြီး FootballTransfers သတင်းဌာနရဲ့အဆိုအရ မာဆေးဆိုဒ်ကလပ်က အသက်-၂၂ နှစ်အရွယ် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

ကလပ်အသင်းနှစ်ခုအကြား ကစားသမားပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး နိုက်စ်ဘက်ကတော့ နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကိုပါရရှိထားတဲ့ ကွင်းလယ်လူအတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိလာဖို့ လိုလားနေတယ်လို့ သိရပါတယ်။

သူရမ်ကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက လီဗာပူးဘက်က စောင့်ကြည့်နေခဲ့ပြီး ကစားသမားဘက်ကလည်း အန်ဖီးလ်ကလပ်ဆီ ပြောင်းရွှေ့ခွင့်ရရှိဖို့ နိုက်စ်ကို တွန်းအားပေးနေတယ်လို့ သိရပါတယ်။ဖာဘင်ဟိုရဲ့ခြေစွမ်း ကျဆင်းမှုနဲ့အတူ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း လီဗာပူးရဲ့ကွင်းလယ်ခံစစ်ပိုင်းက အားအနည်းဆုံးနေရာ ဖြစ်လာတာကြောင့် အသက်-၂၂ နှစ်အရွယ်ကစားသမားက ကလော့ပ်ရဲ့အသင်းအတွက် ကြီးမားတဲ့ ခွန်အားတစ်ရပ်ဖြစ်လာစေပါမယ်။

လီဗာပူးအနေနဲ့ သူရမ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုဖြစ်လာဖို့ ရှိနေပြီး နောက်ထပ်ကွင်းလယ်လူသစ်တစ်ဦး ရှာဖွေရေး ဆက်လက်ကြိုးပမ်းဖို့ ရှိနေပါတယ်။

#လီဗာပူး #နိုက်စ် #အပြောင်းအရွှေ့ #သူရမ်