မိနစ် ၉၀ သွင်းဂိုးနဲ့အတူ ဟမ်မားတွေကို ဥရောပစင်မြင့်အထက်မှာ ချန်ပီယံဖြစ်စေခဲ့တဲ့ ဘိုဝမ်
1:36 PM, 8 June
ဥရောပကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် စီးရီးအေ ရာသီ သိမ်းခါနီးတွင် ပုံစံကောင်းရလာတဲ့ ဖီအိုရင်တီးနား အသင်းနဲ့ ပရီးမီးယားလိဂ်တွင် တန်းတင်ကျန်ရစ်ရေး ရုန်းကန်ခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွင် ဝက်စ်ဟမ်း အသင်းက အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ဘောလုံးရာသီတစ်လျှောက် ခြေစွမ်းပြ ကစားနေတဲ့ ဘိုဝမ်က အဖိုးတန် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းက နည်းပြ မိုယက်စ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲအတွင်း ရာသီအစပိုင်းမှာ ရလဒ်ပိုင်းအားနည်းနေခဲ့ပေမဲ့ ရာသီသိမ်းခါနီး အချိန်အတွင် အကောင်းဆုံး ပြန်လာနိုင်ခဲ့ကာ တန်းဆင်းဇုန်အတွင်းမှာ ရုန်းထွက်လာနိုင်ခဲ့သလို ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အထိ ရှုံးမပွဲမရှိ တက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ချက်မြေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဗိုလ်လုပွဲစဉ်တွင် နှစ်သင်းစလုံးအနေနဲ့ ပွဲစတင်တဲ့ အစောပိုင်းမိနစ်များမှာကတည်းက တိုက်စစ်ဖွင့်ကစားလာခဲ့ကာ အပြန်လှန်ထိုးဖောက်ကစားဟန်တွေက ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်ပေးခဲ့ပေမဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ သွင်းဂိုးတွေ မြင်တွေ့ခဲ့ရခြင်း မရှိတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဘန်ရာမာက ဝက်စ်ဟမ်းအသင်း အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဘိုနာဗန်တူရာက ဖီအိုရင်တီးနားအတွက် ချေပဂိုး သွင်းနိုင်ခဲ့ပြီးမှာ ၁ဂိုး - ၁ဂိုး သရေလဒ် ထွက်ပေါ်နေချိန် အကြိတ်အနယ်ယှဉ်ပြိုင် ကစားရင်း ပွဲကစားချိန် မိနစ် ၉၀တွင် တန်ပြန် တိုက်စစ်မှတစ်ဆင့် ဘိုဝမ်က အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်း အသင်းက ချန်ပီယံဖြစ်ခဲ့သလို အနိုင်ဂိုးရှင် ဘိုဝမ်ကလည်း ဗိုလ်လုပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းက ဖီအိုရင်တီးနား အသင်းကို အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ၁၉၆၅ခုနှစ်အလွန် နှစ်ပေါင်း ၅၀ကျော်အကြာတွင် ပထမဆုံး ဆုဖလားအဖြစ် လန်ဒန်မြေကို သယ်ဆောင်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။