ရှေ့သို့
Image

ဆော်ဒီထက် မီယာမီကို မက်ဆီ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ

11:54 AM, 8 June

အခြားချမ်းသာတဲ့ လက်တင်အမေရိကလူမျိုးတွေလိုပဲ လီယွန်နယ်မက်ဆီဟာလည်း မီယာမီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသူတွေနဲ့မတူတာက မက်ဆီဟာ ဆော်ဒီလိဂ်ကိုသာ ပြောင်းမယ်ဆိုရင် ဘီလီယံနဲ့ချီပြီး ချမ်းသာတဲ့ သူတစ်ဦးဖြစ်လာနိုင်တာပါပဲ။ ဒါဆိုရင် ကမ္ဘာ့ဘောလုံးလောကမှာ အအောင်မြင်ဆုံး ကစားသမားက ဘောလုံးကိုသိပ်အားမပေးတဲ့နိုင်ငံကလိဂ်ကို ဘာကြောင့် ပြောင်းသွားတာလဲ? တကယ်တော့ အမေရိကန်မေဂျာလိဂ်ထံ မက်ဆီပြောင်းသွားခြင်က ပရောက်ဖက်ရှင်နယ်အရရော၊ ပုဂ္ဂိုလ်ရေးအရရော၊ ငွေကြေးအရပါ အဓိပ္ပါယ်တွေအများကြီး ရှိပါတယ်။

ပထမဆုံး ပရော်ဖက်နယ်အကြောင်းပြချက်အကြောင်း အရင်ပြောကြရအောင်။ ဒီဇင်ဘာလမှာ ကမ္ဘာ့ဖလားရခဲ့ပြီးနောက် မက်ဆီရဲ့ကစားသမားဘ၀က ပြီးပြည့်စုံသွားပြီလို့ ပြောရမှာပါ။ သူ့ကစားသမားဘ၀မှာ ဘော်လွန်းဒီအော်ဆုတွေ၊ ဥရောပဆုဖလားတွေ၊ လိဂ်ဖလားတွေအားလုံး ဆွတ်ခူးခဲ့ပြီးပါပြီ။ မက်ဆီက လာမယ့်နှစ်ပတ်အတွင်း အသက်၃၆နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် ထိပ်တန်းအဆင့်မှာ နှစ်အနည်းငယ်ကစားနိုင်ပါသေးတယ်။

ပြင်သစ်ပရိသတ်တွေရဲ့ အမြဲတစေလှောင်ပြောင်ခြင်းခံနေရတဲ့ ပီအက်စ်ဂျီမှာ ဆက်နေဖို့က မက်ဆီအတွက် ရွေးချယ်စရာမဟုတ်ခဲ့ပါဘူး။ ဘာစီလိုနာကို ပြောင်းရွှေ့ကာ ကစားသမားဘ၀ကို ကုန်ဆုံးစေခြင်းက ဘာကာပရိသတ်တွေ အပြင် ကမ္ဘာ့ပရိသတ်တွေကတောင် လိုချင်နေကြတဲ့ ဇာတ်သိမ်းမျိုးပါ။ ဒါပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခင်းအကျင်းတို့က ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ ခက်ခဲစေခဲ့ပါတယ်။ ဒါဆိုရင် မက်ဆီမှာ ရွေးချယ်စရာဆိုလို့ လစာမြိုးမြိုးမြက်မြက်ရမယ့် အင်တာမီယာမီနဲ့ ဆော်ဒီလိဂ်တို့မှာ ရွေးချယ်စရာရှိပါတယ်။ ဆော်ဒီနိုင်ငံအတွက်ဆိုရင် မက်ဆီက ခရီးသွားသံတမန်အဖြစ်တောင် ဆောင်ရွက်ခဲ့ပါသေးတယ်။

မက်ဆီဟာ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားတစ်ဦးဖြစ်နေပြီမို့လို့ အပိုဝင်ငွေရှာခြင်းက သူ့အတွက် အဓိကဦးစားပေးမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဆော်ဒီက ကမ်းလှမ်းက ၁ဘီလီယံဆိုတဲ့ လစာပမာဏက ငြင်းပယ်ရခက်ခဲပါတယ်။ ဘယ်လောက်ငြင်းပယ်ရခက်လဲဆိုရင် ရော်နယ်ဒို၊ ဘန်ဇီးမား၊ ကန်တီတို့လို ကစားသမားတွေတောင် ပြောင်းသွားတာကိုသာ ကြည့်ပါတော့။ မက်ဆီနဲ့ မီယာမီတို့ကြား စာချုပ် အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် သတင်းတွေအရတော့ Apple၊ Addidasတို့ထံကနေရမယ့် အမြတ်ရာခိုင်နှုန်းတွေက မက်ဆီကို ပိုမိုချမ်းသာလာစေမှာပါ။

မက်ဆီဟာ တစ်ချိန်က နာမည်ကျော်ခဲ့ပြီး နယူးယောက်ကော့စ်မိုအသင်းထံ ပြောင်းသွားတဲ့ ပီလီရဲ့ခြေရာကို နင်းခဲ့တာလည်း ဖြစ်ပါတယ်။ အလားတူ မက်ဆီတစ်ဟာ ၂၀၀၇ခုနှစ်က မေဂျာလိဂ်ကို ပြောင်းသွားတဲ့ ဒေးဗစ်ဘက်ခမ်းလိုမျိုး ကစားသမားဘ၀ကို တိတ်တဆိတ်ပဲ ဖြတ်သန်းလိုပေမယ့် မက်ဆီဖြစ်နေတာကြောင့်ပဲ ဒီအပြောင်းအရွှေ့က ကျယ်လောင်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စပြောမယ်ဆိုရင် မက်ဆီက မိသားစုကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး ဘ၀ကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းလာသူဖြစ်ကာ သူ့ကိုယ်ပိုင်Brandကို သေချာတည်ဆောက်ထားခဲ့ပါတယ်။

မက်ဆီဟာ မီယာမီမှာ အိမ်တစ်လုံးပိုင်ဆိုင်ထားပြီးဖြစ်သလို အားလပ်ရက်တွေမှာလည်း သွားရောက် အပန်းဖြေလေ့ရှိပါတယ်။ အင်တာဗျူးထဲမှာလည်း မက်ဆီက မိသားစုဟာ မီယာမီမှာဆိုရင် မတူညီတဲ့ နေထိုင်မှုပုံစံတွေကြောင့် ပိုပျော်ရတယ်လို့ ထုတ်ပြောထားခဲ့ပါတယ်။ မက်ဆီက တိုက်ပွဲဝင်စိတ် ပြင်းထန်သူတစ်ဦးဖြစ်နေတာတောင် ဒုတိယတန်းစားလိဂ်မှာ ရှုံးပွဲဆက်နေတဲ့အသင်းကို ဦးဆောင်ရမယ်ဆိုတာ ခက်ခဲမှာ သေချာပါတယ်။ ဒါဆိုရင် မက်ဆီ တက်တက်ကြွကြွဘောလုံး ကစားဖို့အတွက် ဘယ်အရာက တွန်းအားဖြစ်စေမလဲ။ သူက အာဂျင်တီးနား အသင်းခေါင်းဆောင်ဖြစ်နေဆဲပါ။ နာကျင်ရတဲ့ ရှုံးနိမ့်မှုတွေအပြီး ဒီနှစ်ပိုင်းတွေထဲ အောင်မြင်မှုတွေ ရရှိလာခဲ့ကာ လာမယ့်ရာသီမှာလည်း ပိုမိုခက်ခဲနိုင်တဲ့ မေဂျာလိဂ်မှာ ကစားဦးမှာပါ။ အမေရိကန်နိုင်ငံအတွင်း အားပေးမှုသိပ်မရတဲ့လိဂ်မှာ ကစားရခြင်းက မက်ဆီရဲ့ နိုင်ငံလက်ရွေးစင်ဘ၀ကို ပိုတောင်ကြာရှည်လာစေနိုင်ပါတယ်။ ၂၀၂၆ကမ္ဘာ့ဖလားက မြောက်အမေရိကမှာ ကျင်းပမယ်ဆိုတာ မမေ့ကြနဲ့ဦးနော်။

ဆော်ဒီလိဂ်မှာဆိုရင် မက်ဆီ ပိုချမ်းသာလာမယ်။ ဘာစီလိုနာမှာ ကစားသမားဘ၀ ကုန်ဆုံးမယ်ဆိုရင် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ပြီး စိတ်ချမ်းချမ်းသာသာနေနိုင်မယ်။ ဒါပေမယ့် အခုလိုမျိုး မေဂျာလိဂ်ကို ရွေးချယ်လိုက်ခြင်းက ကမ္ဘာ့ဖလားဆုဖလားကို ကာကွယ်မယ့် အာဂျင်တီးနား အသင်းအပေါ် မက်ဆီ ကူညီနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ ဒါကြောင့် အာဂျင်တီးနား ပရိသတ်တွေကတော့ မက်ဆီရဲ့ ယခုကစားသမားဘ၀ အပြောင်းအလဲကို ကျေနပ်နေကြမှာ သေချာပါတယ်။

#အပြောင်းအရွှေ့ #မက်ဆီ #ဆော်ဒီ #အင်တာမီယာမီ