ရှေ့သို့
Image

မာလ်ဒီနီကို အကြံပေးရာထူးနဲ့ ပြန်လည်ကမ်းလှမ်းလိုက်တဲ့ အေစီမီလန် အသင်းပိုင်ရှင် ကာဒီနယ်

4:27 PM, 7 June

အေစီမီလန်အသင်းပိုင်ရှင် ကာဒီနယ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နည်းစနစ်ဒါရိုက်တာရာထူးမှ ထုတ်ပယ်ခဲ့တဲ့ မာလ်ဒီနီကို အသင်းမှာ မတူညီတဲ့ရာထူးတစ်ခုနဲ့ ပြန်လည် တာဝန်ယူပေးဖို့ ကမ်းလှမ်းလာတယ်လို့ အီတလီမှလာတဲ့ သတင်းတွေအရ သိရပါတယ်။

အေစီမီလန်ဂန္တဝင်ကစားသမားကြီးက ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အသင်းရဲ့ထိပ်တန်းအရာရှိတစ်ဦး အဖြစ် တာဝန်ယူခဲ့ပြီး အသင်းရဲ့ လတ်တလောအောင်မြင်မှုတွေကို ထုဆစ်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

လတ်တလောကာလတွေအတွင်း မာလ်ဒီနီက လီယာအို၊ မိုင်ဂနန်၊ သီယိုဟာနန်ဒက်ဇ်တို့လို ကစားသမားတွေအပါအဝင် အသင်းအတွက် စမတ်ကျပြီး အကျိုးရှိတဲ့ ကစားသမားခေါ်ယူမှုကောင်းတွေကို လုပ်ဆောင်နိုင်အောင် လမ်းညွှန်ပေးခဲ့ပါတယ်။ တင်းမာမှုတွေပြည့်နှက်ခဲ့တဲ့ တနင်္လာနေ့ အစည်းအဝေးအပြီး အသင်းပိုင်ရှင်ကာဒီနယ်က အေစီမီလန်နည်းစနစ်ဒါရိုက်တာအဖြစ် လေးနှစ်ကြာတာဝန်ယူခဲ့တဲ့ မာလ်ဒီနီနဲ့ ဘောလုံးဒါရိုက်တာ မက်ဆာရာတို့ကို ရာထူးမှ ထုတ်ပယ်ခဲ့တာပါ။

MilanNews သတင်းဌာနရဲ့ဖော်ပြမှုအရ အသင်းပိုင်ရှင်ကာဒီနယ်က သူကိုယ်တိုင်ရာထူးမှထုတ်ပယ်ခဲ့တဲ့ နည်းစနစ်ဒါရိုက်တာကို အသင်းရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ မတူညီတဲ့တာဝန်တစ်ခုဖြစ်တဲ့ အကြံပေးရာထူး ထမ်းဆောင်ပေးဖို့ ပြန်လည်ကမ်းလှမ်းတယ်လို့ သိရပါတယ်။

ဝါရင့်နောက်ခံလူဟောင်းကတော့ အခုကမ်းလှမ်းမှုကို ချက်ချင်းပယ်ချလိုက်ပြီး အေစီမီလန်အသင်းရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက်တာဝန်ထမ်းဆောင်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်းဖော်ပြလိုက်ပါတယ်။

မာလ်ဒီနီနဲ့ မက်ဆာရာတို့ကို ရာထူးမှ ထုတ်ပယ်ခဲ့မှုအပေါ် အေစီမီလန်အသင်း ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲခဲ့ပြီး Twitter လူမှုကွန်ရက်မှာ #CardinaleOut ဆိုတဲ့စာသားတစ်ခု Trend ဖြစ်လာခဲ့ပါတယ်။ ဒီစာတန်းက အေစီမီလန်ပရိသတ်တွေရဲ့ အသင်းပိုင်ရှင်အပေါ် ဒေါသတွေကို ဖော်ပြပေးပါတယ်။

#စီးရီးအေ #အေစီမီလန် #မာလ်ဒီနီ