ရှေ့သို့
Image

တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ ဆော်ဒီလိဂ်ဆီ ရောက်ရှိသွားဖွယ်ရှိတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း

3:03 PM, 7 June

အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်က ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖွယ်ရှိတဲ့ ပုံရိပ်မြင့်ကစားသမားတွေအနက် နောက်ဆုံးတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဆန်းချက်ဇ်နဲ့ လက်ရှိ ကလပ်မာဆေးလ်တို့အကြား စာချုပ်သက်တမ်းက အခုလကုန်မှာ ကုန်ဆုံးဖို့ရှိနေပြီး နှစ်ဖက်စလုံးမှာ စာချုပ်သက်တမ်း တစ်နှစ်တိုးခွင့် ပိုင်ဆိုင်ထားကြပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းအတွက် ၄၄ ပွဲကစား၊ ၁၈ ဂိုး အထိ သွင်းယူပေးခဲ့တဲ့ ချီလီတိုက်စစ်မှူးကို လီဂူးဝမ်းကလပ်က အသင်းမှာ ဆက်ထိန်းထားဖို့ လိုလားနေပါတယ်။ ဒါပေမယ့် နာမည်ကျော် သတင်းထောက် ရိုမာနိုရဲ့အဆိုအရ ဆော်ဒီပြည်တွင်းကလပ်အယ်လ်ဖာတက်က အသက်-၃၄ နှစ်အရွယ်တိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ ယူရို ၁၀ သန်း တန်ကြေးရှိ တစ်နှစ်သက်တမ်း တိုးခွင့်ပါဝင်မယ့် တစ်နှစ်စာချုပ်နဲ့အတူ ချဉ်းကပ်လာတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အစောပိုင်း၊ အယ်လ်နာဆာဆီ စီရော်နယ်ဒိုပြောင်းရွှေ့ခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ဆီ ရောက်ရှိမယ်လို့ သတင်းကြီးလာတဲ့ နာမည်ကျော် ကစားသမားတွေအနက် ဆန်းချက်ဇ်က နောက်ဆုံးအနေနဲ့ ပါဝင်လာခဲ့တာပါ။ မက်မောလောက်ဖွယ် လစာနှုန်းထားတွေနဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္တဝင်ကစားသမားဘန်ဇီးမားက ဆော်ဒီလိဂ်ဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့သလို မက်ဆီ၊ ကန်တေတို့ိလို နာမည်ကြီး ကစားသမားတွေလည်း အရှေ့အလယ်ပိုင်းဒေသဆီ ရောက်ရှိလာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #မာဆေးလ် #အပြောင်းအရွှေ့ #ဆန်းချက်ဇ် #ဆော်ဒီ