ရှေ့သို့
Image

ဖာဂူဆန် အနားယူပြီးနောက် အညတရဟီးရိုး ၅ ဦးကို ရောင်းထုတ်ခဲ့တဲ့ ယူနိုက်တက်ကို ဖာဒီနန် ဝေဖန်

10:32 AM, 7 June

ယူနိုက်တက်ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူပြီးနောက် အသင်းရဲ့အညတရဟီးရို ၅ ဦးကို ရောင်းထုတ်ခဲ့တဲ့ ယူနိုက်တက်ကို ဖာဒီနန်က ဝေဖန်လိုက်ပါတယ်။

ဖာဂီဟာ ယူနိုက်တက်ကို ပရီးမီးယားလိဂ် ၁၃ ကြိမ်အထိ ရယူနိုင်ခဲ့ပြီးနောက် အနားယူခဲ့တာဖြစ်ပြီး သူအနားယူပြီးကတည်းက ယူနိုက်တက်ဟာ ဆုဖလားအောင်မြင်မှု မရတော့တာဖြစ်ပါတယ်။ ယူနိုက်တက် ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်က ဖာဂီလက်အောက်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာ ယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့ မရခဲ့တာဖြစ်ပါတယ်။

မိုယက်စ်နေရာမှာ ဗန်ဟားလ် အစားဝင်လာခဲ့ပေမယ့် ယူနိုက်တက်အခြေအနေက သိပ်တိုးတက်မလာခဲ့သလို အဲ့နောက် ဝဲလ်ဘတ်၊ ဟာနန်ဒက်ဇ်၊ အီဗန်နဲ့ ဘရာဇီးညီနောင် ရာဖေးလ်၊ ဖေဘီယိုဒါဆေးလ်ဗားတို့ကို ရောင်းထုတ်ခဲ့ပါတယ်။ အခုတော့ ဖာဒီနန်က ယူနိုက်တက်ဟာ အကယ်ဒမီထွက်ကစားသမား ၄ ဦးအပြင် ဟာနန်ဒက်ဇ်ကိုပါ ရောင်းထုတ်ခဲ့တာက အမှားလု့ိ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူတို့က ယူနိုက်တက်ရဲ့အသက်သွေးကြောတွေပါ။ ပြီးတော့စနစ်တစ်ခုအောက်ကနေ လာခဲ့တာပါ။ အားလုံးက ယူနိုက်တက် ကစားသမားတွေဖြစ်ပြီး သူတို့က အသင်းတည်ဆောက်တဲ့ နေရာမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ သူတို့ကို ရောင်းထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး မယုံနိုင်အောင်ဖြစ်ရပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သား ဝဲလ်ဘတ်ကို ပြိုင်ဘက်အာဆင်နယ်က ဝယ်ယူခဲ့ပြီး အခုတော့ ဘရိုက်တန်မှာ ကစားနေခဲ့တာဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်က အယ်လ်အေဂလက်ဆီမှာ ကစားနေပြီး တစ်နှစ်တည်းမှာပဲ ရီးရဲလ်ထံ အငှားထွက်ကစားခဲ့ရပါတယ်။

ဘရာဇီးညီနောင်ဖြစ်တဲ့ ဒါဆေးလ်ဗားနဲ့ ရာဖေးလ်တို့ကတော့  လိုင်ယွန် ၊ ကာဒစ်ဖ်စီ အသီးသီးပြောင်းရွှေ့ခဲ့ကြပါတယ်။ အဲ့နောက် အီဗန်က ဝက်စ်ဘရွန်းအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဖာဒီနန်က “အီဗန်လို ကစားသမားမျိုးကို မရောင်းထုတ်သင့်ပါဘူး။ ကျွန်တော်တို့အားလုံးမရှိချိန်မှာ သူက အကောင်းဆုံး နောက်ခံလူပါ။ စမောလင်းကလည်း တကယ်ကောင်းပါတယ်။ ဒါပေမယ့် အီဗန်က ပိုကောင်းပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #ဖာဂူဆန် #ပရီးမီးယားလိဂ်