ရှေ့သို့
Image

တော့တင်ဟမ်က ဟယ်ရီကိန်းကို ထွက်ခွာခွင့်ပေးသင့်တယ်လို့ အကြံပြုလိုက်တဲ့ မီကာရစ်ချက်

3:25 PM, 6 June

နည်းပြသစ်ပိုစတီကိုဂလူ လက်အောက်မှာ တော့တင်ဟမ်အသင်းပြန်လည် တည်ဆောက်ဖို့အတွက် တိုက်စစ်မှူးဟယ်ရီကိန်းကို အသင်းမှ ထွက်ခွာခွင့်ပေးသင့်တယ်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း မီကာရစ်ချက်က အကြံပြုလိုက်ပါတယ်။

အသက်-၂၉ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်က တော့တင်ဟမ်အသင်းရဲ့သမိုင်းတလျှောက် သွင်းဂိုး အများဆုံး ကစားသမားဖြစ်လာသလို ပြီးခဲ့တဲ့ဘောလုံးရာသီကိုးခုမှာလည်း အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပါတယ်။

တော့တင်ဟမ်နဲ့ ဟာရီကိန်းတို့အကြား စာချုပ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်မှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူနိုင်ရေး စိတ်ဝင်စားနေပါတယ်။ တဖက်မှာလည်း ဆဲလ်တစ်နည်းပြဟောင်း ပိုစတီကိုဂလူက လာမယ့်ဘောလုံးရာသီမှာ တော့တင်ဟမ်ကို ဦးဆောင်သွားဖို့ ရှိနေပါတယ်။ တော့တင်ဟမ်က အဆင့်-၈ နေရာနဲ့ရာသီသိမ်းခဲ့လို့ လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ရောက်ကစားခွင့် မရရှိထားပါဘူး။

BBC Radio 5 ရဲ့တင်ဆက်မှုအစီအစဉ်အတွင်း ဟယ်ရီကိန်းအနေနဲ့ အသင်းမှ ထွက်ခွာခွင့် တောင်းလာခဲ့မယ်ဆိုရင် နည်းပြသစ်က ဘာလုပ်နိုင်မလဲလို့ မေးမြန်းလာမှုကို မီကာရစ်ချက်က “သူ့ကို သွားခွင့်ပေးရပါမယ်။ ဟယ်ရီကိန်းလည်း လစာတွေအများကြီးရမှာဖြစ်သလို သူ့ကြောင့် အသင်းမှာလည်း ပြောင်းရွှေ့ကြေးတွေ အများကြီးရရှိပါလိမ့်မယ်။ ဒီပိုက်ဆံတွေကို တော့တင်ဟမ်အသင်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေမှာ သုံးစွဲရပါမယ်။ တော့တင်ဟမ်က ဟယ်ရီကိန်းအပေါ် အတော်လေးကို မှီခိုလွန်းပါတယ်။ အသင်းအတွက် ဂိုးသွင်းတဲ့သူကိုကြည့်လိုက်တိုင်း ဟာရီကိန်းကိုပဲ မြင်တွေ့နေရပါတယ်။ သူတို့မှာ တစ်ခုခုတော့ လိုအပ်နေပါပြီ။ တခါတလေ တော့တင်ဟမ်ကို စောင့်ကြည့်ရဖို့တောင် စိတ်ပျက်မိပါတယ်”

ဘာကြောင့်လဲဆိုတော့ “ဟယ်ရီကိန်းက No. 10 role မှာလည်း ကောင်းကောင်းကစားနေပေမယ့် ခင်ဗျားတို့က သူ့ကို ပိုပြီးဒုက္ခတွေ့စေဖို့ နောက်ထပ်No.9တိုက်စစ်မှူးတစ်ဦးလို ကစားစေချင်လို့ပါ။ အချိန်တိုင်းတော့ အရာရာတိုင်းကို သူ့လက်သူ့ခြေနဲ့ ဟယ်ရီကိန်း လုပ်ကိုင်သွားပါတယ်။ ကျွန်တော်ကတော့ အချိန်ကျပြီလို့ ထင်တာပါပဲ။ ကျွန်တော်သာ တော့တင်ဟမ်ဖန်ဆိုရင် ဟယ်ရီကိန်းအနေနဲ့ ကျွန်တော်တို့အတွက် အရာရာတိုင်းပေးဆပ်ခဲ့ပြီးပါပြီ၊ သူ့အတွက် ပိုက်ဆံနည်းနည်းလောက်ရအောင် လုပ်ပြီး တဖန်ပြန်စတင်မယ်လို့ ပြောမိပါလိမ့်မယ်။ ဟယ်ရီကိန်းကို ထွက်ခွာခွင့်ပြုပြီး သူနောက်တစ်ဆင့်တက်လှမ်းရာမှာ ဘယ်လောက်တောင်ကောင်းမွန်လဲဆိုတာကို လူတိုင်းကို ပြသလိုက်ပါ။ ဟယ်ရီကိန်းကြောင့် ရရှိလာမယ့် ငွေကြေးကိုလည်း နည်းပြသစ်ကို စီမံခန့်ခွဲခိုင်းလိုက်ပါ။ ခင်ဗျားဆိုရင်ရော ဘာလုပ်နိုင်မလဲ? ခုနေ ပေါင်သန်း ၁၀၀ လောက်ယူမလား ဒါမှမဟုတ် နောက်ရာသီကုန်မှ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွင့်ပေးမလား?”လို့ ပြောပါတယ်။

ဘော်လွန်းဒီအော်ဆုရှင်ဘန်ဇီးမား အသင်းမှ ထွက်ခွာသွားလို့ တိုက်စစ်မှူးသစ်ရှာဖွေရမယ့် ရီးရဲလ်မက်ဒရစ်က ဟယ်ရီကိန်းအပေါ် ထိပ်တန်းဦးစားပေးအဖြစ် စိတ်ဝင်စားနေတာပါ။ ဟယ်ရီကိန်း(၂၁၃ ဂိုး)အနေနဲ့ စပိန်မြေကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ အလန်ရှီးယား(၂၆၀ ဂိုး)ရဲ့ ပရီးမီးယားသမိုင်းတလျှောက်သွင်းဂိုးအများဆုံး ကစားသမားစံချိန်အပေါ် ကျော်ဖြတ်နိုင်ရေးအိပ်မက်ကို စွန့်လွှတ်လိုက်ရဖို့ ရှိနေပါတယ်။

မီကာရစ်ချက်က “အထူးသဖြင့် ဘန်ဇီးမားလိုကစားသမားမျိုးထွက်ခွာသွားချိန်မှာ ဒီနေရာက ဟာရီကိန်းအတွက်ပဲ ဖြစ်ပါတယ်။ သမိုင်းဝင်ဘောလုံးကလပ်တစ်ခုဆီ သွားနိုင်ဖို့ မင်းအတွက်လည်း နေရာလွတ်တစ်ခုရှိနေချိန်မှာ သွားကိုသွားရပါမယ်။ ဒါက သူ့ရဲ့ကစားသမားဘဝအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဟာရီကိန်းလည်း ပရီးမီးယားလိဂ်သမိုင်းတလျှောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်ချင်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဆီ သွားမယ်ဆိုရင် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။ ဒါက အံ့ဖွယ်အရာပါပဲ။ လာလီဂါဆုဖလားကို အနိုင်ယူဖို့ဆိုရင် သူက ခြားနားတဲ့အဆင့်တစ်ခုဆီ ရောက်ရှိသွားပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#တော့တင်ဟမ် #ဟယ်ရီကိန်း #မီကာရစ်ချက် #ပရီးမီးယားလိဂ်