ရှေ့သို့
Image

ဂျူဗင်တပ်စ်က အဆင့်-၃ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာပါလို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ အယ်လီဂရီ

4:30 PM, 5 June

ဒီနေ့မနက်ပိုင်း၊ အူဒီးနီးစ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေရာသီ ပိတ်ပွဲစဉ်အပြီး ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက သူ့ရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့်-၃ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာပါလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ကလပ်အသင်းရဲ့ဘဏ္ဍာရေးဆိုင်ရာပြစ်ချက်တွေကြောင့် ရမှတ်-၁၀ မှတ်အထိ လျှော့ချခံထားရတဲ့ တူရင်အခြေစိုက်ကလပ်က စီးရီးအေအမှတ်ပေးဇယားအဆင့်-၇ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က လာမယ့်ရာသီယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ စီးရီးအေဘောလုံးရာသီပြီးစီးချိန် ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီက “ပြီးခဲ့တဲ့ရာသီအတွက် တိုးတက်မှုတစ်ခုဖြစ်တဲ့ အဆင့်-၃ နေရာအကြောင်းသာမက ပွဲစဉ်တွေအကြောင်းပါ ကျွန်တော် မပြောချင်ပါဘူး။ အသင်းလေ့ကျင့်ရေးကွင်းမှာ ကျွန်တော်နဲ့အတူ အလုပ်တွေလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်လို့ ဒီနေရာဆီ ရောက်ရှိလာခဲ့တာပါ။ ဒီအသင်း၊ ဒီကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် ကျွန်တော် အမှန်တကယ်ကို ဂုဏ်ယူမိပါတယ်။ လူတိုင်းက တစ်နှစ်တာပတ်လုံး စိတ်ရှည်သည်းခံမှုနဲ့အတူ ပရော်ဖက်ရှင်နယ်ဆန်စွာ လုပ်ကိုင်ခဲ့ကြပါတယ်”

“ကျွန်တော်တို့ရဲ့ဘောလုံးရာသီကတော့ ဒီနေရာမှာ အဆုံးသတ်သွားပါပြီ။ ကျန်တာတွေ ထည့်မတွက်တော့ပါဘူး။ ဒီနှစ်က ခက်ခဲသလို အံ့သြစရာလည်း ကောင်းပါတယ်။ ပွဲစဉ်နဲ့တော့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်တော်နဲ့အတူ အသင်း လေ့ကျင့်ရေးကွင်းမှာ အတူလက်တွဲအလုပ်လုပ်ကိုင်ခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ရုံပါပဲ။ ကလပ်အသင်းနဲ့ ကျွန်တော်လည်း နီးနီးစပ်စပ်ရှိနေခဲ့ပါတယ်။ ဘောလုံးရာသီလည်း ပြီးဆုံးသွားပြီဖြစ်လို့ ကျွန်တော်တို့အားလုံး ပင်ပန်းနွမ်းလျနေပါပြီ။ အမှားအယွင်းအချို့ရှိခဲ့ပေမယ့် ကံကောင်းတာတစ်ခုက လူငယ်အသင်းမှ ကစားသမားကောင်းတွေ ပေါ်ထွက်လာအောင် စွမ်းဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေက အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ၁၀-မှတ်လျှော့ပြစ်ဒဏ်က ကျွန်တော်တို့ရဲ့အမှားမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က ကွင်းတွင်းရလဒ်ပိုင်းမှာ အသင်းကို အမှတ်ပေးဇယားအဆင့်-၃ နေရာအထိ ဆွဲတင်နိုင်ခဲ့ပါတယ်။ ဒါကို ဘယ်သူကမှ ငြင်းဆန်လို့မရပါဘူး”လို့ ပြောဆိုပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ