ရှေ့သို့
Image

စပို့တင်းကွင်းလယ်လူ အူဂါတီကို ခေါ်ယူနိုင်ရေး လက်လျှော့လိုက်တဲ့ ချဲလ်ဆီး

2:53 PM, 5 June

စပို့တင်းလစ္စဘွန်းကွင်းလယ်လူ အူဂါတီကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှ ချဲလ်ဆီးတို့ ထွက်ခွာသွားပြီလို့ ပေါ်တူဂီအခြေစိုက်သတင်းဌာနတွေရဲ့အဆိုအရ သိရပါတယ်။

ချဲလ်ဆီးက လာမယ့်နွေရာသီဈေးကွက်မှာ ဥရုဂွေးကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီနဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုတွေ လုပ်ဆောင်ထားခဲ့တာပါ။

ချဲလ်ဆီးရော၊ ပီအက်စ်ဂျီပါ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ပေးချေဖို့ ဆန္ဒရှိခဲ့ပြီး ကစားသမားကလည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်က အူဂါတီအတွက် ပိုမိုများပြားတဲ့ ငွေကြေးပမာဏတစ်ရပ် သုံးစွဲဖို့ ဆုံးဖြတ်ခဲ့ချိန် ချဲလ်ဆီးကတော့ ပြင်သစ်ချန်ပီယံတွေနဲ့ ဈေးပြိုင်ကမ်းလှမ်းမှုတွေ ဆက်မလုပ်ဖို့ ဆန္ဒရှိလာခဲ့တယ်လို့ ပေါ်တူဂီအခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ A Bola နဲ့ Record တို့က တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဖော်ပြလာခဲ့ပါတယ်။

Record သတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီက အူဂါတီကို မူလကမ်းလှမ်းမှုဖြစ်တဲ့ တစ်နှစ်လုပ်ခလစာ ယူရို ငါးသန်းမှ အခု ယူရို ၁၀ သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့ရာ တဖက်မှာလည်း ချဲလ်ဆီးက ကစားသမားအနေနဲ့ ပြင်သစ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချမယ်လို့ ယုံကြည်ထားတာကြောင့် အူဂါတီ အတွက် ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက အူဂါတီအတွက် ပီအက်စ်ဂျီ ကမ်းလှမ်းသလို လစာနှုန်းထားမျိုးကို ပေးချေသွားဖို့ စိုးရိမ်မှုတွေ ရှိနေတာကြောင့် စပို့တင်းကွင်းလယ်လူကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ပီအက်စ်ဂျီက ဦးဆောင်သူအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စတမ်းဖို့ဒ်ဘရစ်ချ်ဆီပြောင်းရွှေ့လာဖို့ နည်းပြပိုချက်တီနိုကိုယ်တိုင် အူဂါတီဆီ စကားပြောဆိုထားတာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ချဲလ်ဆီးနည်းပြသစ်ရဲ့ ကွင်းလယ်ပစ်မှတ်တွေအနက် တစ်ဦးကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။

အူဂါတီကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီဖြစ်တာကြောင့် ချဲလ်ဆီးအနေနဲ့ အခုနွေရာသီမှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုအသစ်တွေ ပြုလုပ်လာဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်၊ ချဲလ်ဆီးတို့ အပြိုင်အဆိုင်ကြိုးစားခဲ့ပေမယ့် ဘရိုက်တန်က ကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချခဲ့ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #စပို့တင်း #ယူဂါတီ