ရှေ့သို့
Image

ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အခုနှစ်ကုန်ပိုင်းအထိ အနားယူရဖွယ်ရှိနေတဲ့ အေဘရာဟမ်

2:52 PM, 5 June

ဒီနေ့မနက်ပိုင်း၊ စီးရီးအေရာသီပိတ်ပွဲစဉ်အတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တယ်လို့ ယူဆရတဲ့ ရိုးမား  တိုက်စစ်မှူး အေဘရာဟမ်ဟာ အခုနှစ်ကုန်ပိုင်းအထိ အနားယူသွားရဖွယ် ရှိနေပါတယ်။

ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ရိုးမားက လာမယ့်ရာသီယူရိုပါလိဂ်ဝင်ခွင့်ရရှိဖို့ စီးရီးအေရာသီပိတ်ပွဲစဉ်မှာ ပြိုင်ဘက် စပီဇီယာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲအတွက် ရိုးမားတို့ ပေးဆပ်ရမှုက ကြီးမားလွန်းခဲ့ပါပြီ။

ပွဲကစားချိန်အတွင်း ပြိုင်ဘက်ကစားသမားတစ်ဦးနဲ့ အေဘရာဟမ်တို့ ဘောလုံးယှဉ်လုချိန်မှာ အခုလိုစိတ်မကောင်းဖွယ်ဖြစ်ရပ်တစ်ခု မထင်မှတ်ဘဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ချဲလ်ဆီး ကြယ်ပွင့်ဟောင်းကို ဆေးကုသမှုမော်တော်ယာဉ်ငယ်နဲ့ တင်ဆောင်ခေါ်ယူခဲ့ရပြီး ကစားသမားက မော်တော်ယာဉ်ငယ်ပေါ်မှာ သူ့ရဲ့မျက်နှာကို လက်နဲ့အုပ်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ နာမည်ကျော် သတင်းထောက် ရိုမာနိုက အေဘရာဟမ်ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်လို့ အရိပ်အမြွက်ထုတ်ပြောလိုက်ပါတယ်။

“အေဘရာဟမ်အတွက် သတင်းဆိုးပါပဲ။ Sky Sport ရဲ့သတင်းအရ ရိုးမားရဲ့စီးရီးအေ ရာသီပိတ်ပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူးဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကလပ်အသင်းရဲ့ တရားဝင် သတင်းထုတ်ပြန်မှုကိုတော့ စောင့်ဆိုင်းနေတုန်းပါပဲ။ အေဘရာဟမ်က ဒီနှစ်ကုန်၊ နိုဝင်ဘာ/ဒီဇင်ဘာလောက်အထိ ဘောလုံးပြန်မကစားနိုင်ဘူးလို့ Sky Sport သတင်းမှာ ဖော်ပြသွားပါတယ်”လို့ ရိုမာနိုက Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒူးအရွတ်စုတ်ပြဲဒဏ်ရာရဲ့သဘောသဘာဝအရ အင်္ဂလန်မြေမှ ထွက်ခွာလာတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟမ်အတွက် ပရီးမီးယားလိဂ်ဆီ ပြန်လာနိုင်ရေး ဖြစ်နိုင်ချေ အဆုံးသတ်သွားပါလိမ့်မယ်။ အေဘရာဟမ်ကို အသင်းဟောင်းချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

အေဘရာဟမ်က ချဲလ်ဆီးအတွက် ၈၂ ပွဲကစား၊ ဂိုး ၃၀ အထိ သွင်းယူပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဆုဖလားကို အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ ချဲလ်ဆီးနည်းပြဟောင်းတူချယ်က အေဘရာဟမ်ကို ရိုးမားဆီ ပို့ဆောင်ခဲ့ပါတယ်။

ရိုးမားနဲ့အတူ ပွဲဦးထွက်ရာသီမှာတော့ အေဘရာဟမ် ခြေစွမ်းပြသနိုင်ခဲ့ပြီး ရောမကလပ်အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုဘောလုံးရာသီမှာတော့ အေဘရာဟမ်က သွင်းဂိုး ၉ ဂိုးသာ ရှာဖွေနိုင်ခဲ့ပြီး လာမယ့်နွေရာသီမှာ အသင်းမှထွက်ခွာတော့မယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #အေဘရာဟမ်