ဒီဂီယာကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း
10:20 AM, 4 June
ယူနိုက်တက်အသင်းသည် အက်ဖ်အေ ဖလားဗိုလ်လုပွဲတွင် ပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် ဂိုးသမားသစ်တစ်ဦး လိုအပ်နေကြောင်းဟု ရွိုင်ကိန်းက အခိုင်အမာပြောဆိုခဲ့ပါတယ်။
တန်ဟက်၏အသင်းသည် စနေနေ့မွန်းလွဲပိုင်းတွင် ဝင်ဘလေကွင်း၌ ရင်ခုန်စရာကောင်းသော ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် ဂွာဒီယိုလာ၏ မန်စီးတီးအသင်းအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အထူးသဖြင့် ပေးလိုက်ရတဲ့နှစ်ဂိုးစလုံးမှာ ဒီဂီယာရဲ့အခန်းကဏ္ဍကို မေးခွန်းထုတ်စရာတွေရှိခဲ့ပါတယ်။
ပွဲအပြီးတွင် ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် စပိန်သားအား ပြစ်တင်ဝေဖန်ကာ နွေရာသီတွင် အသင်းအတွက် ပစ်မှတ်ထားသင့်သည့် အရာများကို အကြံဉာဏ်ပေးခဲ့ကြောင်းသိရပါတယ်။
ရွိုင်ကိန်းက 'ယူနိုက်တက်ဟာ ဂိုးသမားသစ်တစ်ယောက်ရဖို့ လိုအပ်ပါတယ်။ သူတို့က ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်နဲ့ ဂိုးသမားသစ်တစ်ယောက်လိုတယ်။
သူတို့က တခြားကစားသမားတွေလည်း လိုအပ်ပေမယ့် ဂိုးသမားသစ်တစ်ယောက်နဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ကတော့ တကယ့်ကိုလိုပါတယ်။ ပြောရတာ စိတ်မကောင်းဘူး။" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကလည်း "သူတို့ အနည်းဆုံး ဂိုးသမားတစ်ယောက်လောက်တော့ ရဖို့လိုတယ်။ ဒီရာသီမှာ သူ့ဆီကနေ ကြီးမားတဲ့ အမှားအယွင်းတချို့ကို တွေ့ခဲ့ရပြီး အနည်းဆုံးတော့ သူ့ကို တွန်းထုတ်မယ့် ဂိုးသမားတစ်ယောက်တော့ လိုအပ်နေပါပြီ။ ဒါဆို ဒီအမှားတွေကို လုပ်မိရင် အစားဝင်လာနိုင်တဲ့ သူတစ်ယောက်ရှိမယ်၊ ပြီးတော့ သူတို့ဆီ အခွင့်အရေးရနိုင်တယ်"လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးရဲ့အနိုင်ဂိုးတွေသွင်းနိုင်ရာမှာ ဒီဂီယာရဲ့အခန်းကဏ္ဍကို အီယန်ရိုက်က အထူးဝေဖန်ခဲ့ပါတယ်။ ဂန်ဒိုဂန်၏ ဘော်လီကန်ချက်သည် အရှိန်အဟုန်မရှိသော်လည်း စပိန်ကစားသမားက လှုပ်ရှားမှုတောင်မရှိခဲ့ပါဘူး။
"သူ အမှားတွေ အများကြီး လုပ်ထားတယ်။ သူ့ရဲ့ အနေအထားက ပထမနေရာမှာ မရှိသင့်ဘူး။"လို့ အီယန်ရိုက်ကပြောခဲ့ပါတယ်။
ထို့နောက် ရွိုင်ကိန်းက ဆက်လက်ဝေဖန်ခဲ့ပါသေးတယ်။ သူက "အဲဒါက ထိပ်တန်းဂိုးသမားလိုအပ်နေတဲ့ အဓိက ဖြစ်ရပ်တွေပါပဲ။ ဂိုးသမားက ကယ်တင်မယ်လို့ မျှော်လင့်ထားတဲ့အရာတွေကို သူက မလုပ်နိုင်ခဲ့ပါဘူး၊ အဲဒါကြောင့် ဒီရှုံးပွဲတွေကို ကျွန်တော်တို့မြင်နေရတာ။ ယူနိုက်တက်အတွက် ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦး လိုအပ်ပြီး အဲ့ဒါက ဒီဂီယာမဟုတ်ပါဘူး" ဟု ပြောကြားခဲ့ပါတယ်။
ယခုတစ်ကြိမ် ဝင်ဘာလေတွင် ဖိအားများအောက် ပြိုပျက်သွားသည့် ယူနိုက်တက်အသင်း၏ကျောရိုးကိုလည်း ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။
ဒီနေ့ကျွန်တော်တွေ့ပါတယ်။ အရန်ခုံကနေဝင်လာတဲ့ သူတွေက အသင်းအတွက် ကြိုးစားပေးကြပါတယ်။ သူတို့က တော်ရုံတန်ရုံ လူငယ်လေးတွေ ဖြစ်နိုင်ပြီး ယူနိုက်တက်အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် သူတို့ဟာ ဒီပွဲကြပ်တွေကို ရှုံးတာပါ။ ပိုက်ဆံကုန်ပြီး စည်းစည်းလုံးလုံးနဲ့ ထိုက်တန်တဲ့ ကစားသမားတွေကို မရယူနိုင်ရင် မန်စီးတီးကို မှီဖို့ နှစ်တော်တော်ကြာ ကြိုးစားရပါလိမ့်မယ်"လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးသည် ယခုလနှောင်းပိုင်းတွင် ချန်ပီယံလိဂ်ဖိုင်နယ်တွင် အီတလီကလပ် အင်တာမီလန်ကို အနိုင်ရပါက သမိုင်းဝင် ဖလားသုံးလုံး ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ရွိုင်ကိန်း #အက်ဖ်အေဖလား