ရှေ့သို့
Image

အက်ဖ်အေဖလားဆွတ်ခူးပြီးနောက် သူ့ရဲ့အနာဂတ်အကြောင်း အရိပ်အမြွက်ဖွင့်ပြောလာတဲ့ ဂမ်ဒိုဂန်

9:23 AM, 4 June

လာမယ့်နွေရာသီကာလမှာ မန်စီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂမ်ဒိုဂန်က သူ့ရဲ့အနာဂတ်အစီအစဉ်နဲ့ပတ်သက်လို့ အရိပ်အမြွက်ထုတ်ပြောလာပါတယ်။

၂၀၁၆ ခုနှစ်၊ ဒေါ့မွန်မှ မန်စီးတီးဆီ ရောက်ရှိလာတဲ့ ဂမ်ဒိုဂန်က ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မနေ့ညပိုင်း၊ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်မှာလည်း ဂမ်ဒိုဂန်က အက်ဖ်အေဖလားဗိုလ်လုပွဲသမိုင်းတလျှောက် အမြန်ဆုံးသွင်းဂိုးအပါအဝင် သွင်းဂိုးနှစ်ဂိုးရယူပေးကာ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် အဖိုးတန်နိုင်ပွဲရှာဖွေပေးနိုင်ခဲ့လို့ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

အသက်-၃၂ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူက မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းမှထွက်ခွာရဖို့ နီးစပ်နေပြီး သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေပါတယ်။

အခုလိုစိတ်ဝင်စားမှုတွေရှိနေပေမယ့် ဂမ်ဒိုဂန်ကတော့ အနာဂတ်အစီအစဉ်နဲ့ပတ်သက်လို့ စဉ်းစားထားတာမျိုး မရှိသေးဘူးလို့ BBC သတင်းဌာနနဲ့တွေ့ဆုံချိန် ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့”လို့ ဂမ်ဒိုဂန်က ဆိုပါတယ်။

စပိန်သတင်းစာ Sport ကတော့ ဂျာမန်လူမျိုးဝါရင့်ကွင်းလယ်လူဟာ ဘာစီလိုနာဆီ ပြောင်းရွှေ့လာမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဘက်ကလည်း ဂမ်ဒိုဂန်ကို သုံးနှစ်စာချုပ်နဲ့ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့တရားဝင်ဖြစ်လာမယ်ဆိုရင်တော့ ဂမ်ဒိုဂန်အနေနဲ့ နူးကမ့်မှာ လစာလျှော့ယူပေးရဖို့ ရှိနေတယ်လို့ အဆိုပါသတင်းစာကပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာက ဘဏ္ဍာရေးမျှခြေစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်နေတာကြောင့် ကာလရှည်စာချုပ်တွေနဲ့အတူ လစာနှုန်းထားနည်းပါးတဲ့ ကစားသမားမျိုးကို ပိုမိုလိုအပ်နေပါတယ်။

ဘာစီလိုနာနည်းပြဇာဗီကတော့ ဂမ်ဒိုဂန်ရဲ့အကြီးစားပရိသတ်ဖြစ်ပြီး ဂျာမန်သားကို သူ့အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ပွဲထွက်ခွင့်တစ်နေရာပေးဖို့ လိုလားနေပါတယ်။ ဘတ်စ်ကွက်ထွက်ခွာသွားမှုကြောင့် ဘာစီလိုနာရဲ့ကွင်းလယ်လူစာရင်းမှာ အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၀၃ ပွဲကစား၊ ဂိုး ၆၀ အထိသွင်းယူထားနိုင်တဲ့ ဂမ်ဒိုဂန်က အသင်းနဲ့အတူ ဆုဖလား ၁၁ လုံးအထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်သီတင်းပတ်ကုန်မှာလည်း အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရဖို့ရှိနေတာကြောင့် ဂမ်ဒိုဂန်အနေနဲ့ သူ့ရဲ့မှတ်တမ်းမှာ နောက်ထပ်ဆုဖလားတစ်လုံးထပ်မံဖြည့်သွင်းနိုင်မလား စောင့်ကြည့်သွားရပါမယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဂမ်ဒိုဂန် #အက်ဖ်အေဖလား