ရှေ့သို့
Image

ဒူးဒဏ်ရာအား ခွဲစိတ်မှုခံယူရနိုင်တာကြောင့် အင်္ဂလန် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်မယ့် ဘယ်လင်ဂမ်

11:09 AM, 31 May

ဒီနွေရာသီမှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုမှုခံယူရနိုင်တာကြောင့် အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကို ဘယ်လင်ဂမ်က လွဲချော်ဖွယ်ရှိနေပါတယ်။

ဒေါ့မွန်ကွင်းလယ်ကစားသမားဟာ လက်ရှိရာသီမှာ ခြေစွမ်းပြသထားတာကြောင့် ဘွန်ဒက်စ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဒူးဒဏ်ရာကြောင့် မိန့်ဇ်နှင့် သရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဇွန်လမှာ အင်္ဂလန်ဟာ မယ်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နှင့် ကစားရမှာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ဘယ်လင်ဂမ်က ပါဝင်ဖွယ်မရှိနေတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီး အဆိုပါပြဿနာကို အဆုံးသတ်သွားစေဖို့ မျှော်လင့်ရပါတယ်လို့ The Daily Mail က ဖော်ပြထားပါတယ်။

အရေးပါတဲ့ မိန်ဇ့်နှင့် ပွဲကို ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နည်းပြ တာဒစ်ဇ်က "ပွဲမတိုင်ခင်မှာ သူ့ရဲ့ဒဏ်ရာအခြေအနေက မကောင်းပါဘူး။ ကစားဖို့ အဆင်သင့်မဖြစ်ဘူးလို့ သူက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ သူ့ကို လိုအပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က ၂ မိနစ်လောက်သာ ထည့်သွင်းကစားစေနိုင်မှာဖြစ်ပါတယ်။ သူက အရမ်းကိုဝမ်းနည်းခဲ့သော်လည်း ကျွန်တော့်အတွက်တော့ သူဟာ အနိုင်ရရှိသူဖြစ်တယ်ဆိုတာ သေချာပါတယ်" "သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလားများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သူက ကြံ့ခိုင်နေဖို့ ကျန်းမာနေဖို့လိုပြီး အမြန်ဆုံးပြန်လည် ကောင်းမွန်သက်သာလာရမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒူးဒဏ်ရာကြောင့်တော့ ဘယ်လင်ဂမ်ရဲ့ နွေရာသီအပြောင်းအရွှေ့အပေါ် သက်ရောက်မှုရှိလာမှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ သူ့ကို ဘာနေဗျူးသို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒေါ့မွန်က ပေါင်သန်း ၁၀၀ အထက်အလိုရှိနေပြီး အခြားထိပ်တန်းကလပ်တွေ ခေါ်ယူလိုနေတဲ့ ဆယ်ကျော်သက် ကစားသမားကို ရီးရဲလ်မက်ဒရစ်က အလိုရှိနေတာဖြစ်ပါတယ်။

လီဗာပူးဟာ ဘာမင်ဂမ်ကစားသမားဟောင်းကို ခေါ်ယူဖို့ အဖြစ်နိုင်ဆုံး အနေအထားတစ်ရပ်တွင်ရှိခဲ့သော်လည်း စပိန်အသင်းကြီးကတော့ အင်္ဂလန်သားကိုခေါ်ယူရေးတွင် ရှေ့တန်းသို့ ရောက်လာခဲ့ပြီဖြစ်ကာ ဒေါ့မွန်တောင်းဆိုထားတဲ့ ဈေးအတိုင်း ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်။

#အင်္ဂလန် #ဒေါ့မွန် #ဘာမင်ဂမ် ယူရို၂၀၂၄ခြေစစ်ပွဲ