ရှေ့သို့
Image

လက်စတာမှာ ပရီးမီးယားလိဂ်ဆီ ပြန်လာနိုင်စွမ်း ရှိတယ်လို့ ဖွင့်ဟပြောဆိုလာတဲ့ နည်းပြဒင်းစမစ်

3:17 PM, 29 May

ပရီးမီးယားလိဂ်ဆုဖလားဆွတ်ခူးနိုင်ပြီးနောက် ခုနစ်နှစ်အကြာမှာပဲ ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရတဲ့ လက်စတာဟာ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲဆီ ချက်ချင်းပြန်ရောက်ရှိလာနိုင်တယ်လို့ နည်းပြဒင်းစမစ်က ထောက်ခံပြောဆိုလိုက်ပါတယ်။ မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ လက်စတာက ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အဲဗာတန်ကလည်း ဘုန်းမောက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံရှစ်ဆီ လက်စတာတို့ တန်းဆင်းခဲ့ရပါတယ်။

ဒင်းစမစ်က လာမယ့်ရက်ပိုင်းအတွင်း လက်စတာဥက္ကဋ္ဌအီရာဝပ်နဲ့အတူ ရှုပ်ထွေးလှတဲ့ဘောလုံးရာသီနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေအတွင်း ယာယီနည်းပြဒင်းစမစ်ကို အမြဲတမ်းနည်းပြအဖြစ် ကမ်းလှမ်းဖို့ရှိ၊မရှိဆုံးဖြတ်ချက်တစ်ခု ပါဝင်လာဖို့လည်း ရှိနေပါတယ်။

ဒင်းစမစ်က “ဒီကလပ်အသင်းမှာရှိတဲ့ အရင်းအမြစ်ကုန်ကြမ်းတွေက တကယ့်ကို ထိပ်တန်းကလပ်အသင်းတစ်ခုလိုပါပဲ။ အခုအချိန်မှာတော့ လူတိုင်းက နာနာကျင်ကျင်ခံစားနေရပြီး ယူကျုံးမရဖြစ်နေပါတယ်။ ဒါပေမယ့် လက်စတာအသင်းရဲ့ အခြေခံအဆောက်အအုံတွေကြောင့် သူတို့ရဲ့နေရာမှန်ဆီ ပြန်လာနိုင်စွမ်း အပြည့်ရှိပါတယ်။ မင်းကိုကျဆင်းသွားအောင် လုပ်ခဲ့တဲ့အရာတွေအပေါ် တိုးတက်လာအောင်လုပ်ဖို့နဲ့ နောက်တစ်ကြိမ်ပြန်လာနိုင်ဖို့ လုပ်ဆောင်နိုင်မယ့် အချိန်တွေ အများကြီးရှိပါတယ်။ ဒါက ကလပ်အသင်းရဲ့ဆန္ဒဖြစ်လိမ့်မယ်ဆိုတာ သံသယမရှိပါဘူး။ ပြန်ညှိကြဖို့တော့ လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တန်းဆင်းခဲ့ရတဲ့ဘယ်အသင်းမဆို တန်းပြန်တက်ဖို့ နည်းလမ်းတစ်ခု ရှာဖွေရပါတယ်။ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ အခြေခံအဆောက်အအုံတွေကြောင့် လက်စတာမှာ တန်းပြန်တက်ဖို့ မလုပ်နိုင်စရာ အကြောင်းပြချက် တစ်ခုတစ်လေတောင် မတွေ့မိပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း ကျွန်တော်အထူးလေးစားရတဲ့ အသင်းဥက္ကဋ္ဌနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ကာ သူ့အပေါ် ချီးကျူးမှုတွေ လုပ်ရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ဥက္ကဋ္ဌက သူ့ရဲ့အချိန်နဲ့ခွန်အားတွေကို ဒီကလပ်အသင်းဆီပဲ ပေးအပ်ခဲ့တာ အားလုံးလည်း မြင်တွေ့ကြပြီးဖြစ်လို့ပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ တိတိကျကျမတွေးထားရသေးပါဘူး”လို့ ပြောပါတယ်။

#လက်စတာ #ဒင်းစမစ် #ပရီးမီးယားလိဂ်