ရှေ့သို့
Image

ချဲလ်ဆီး နည်းပြသစ်အဖြစ် တာဝန်ယူမယ့် ပိုချက်တီနိုကို သတိပေးစကားဆိုလာတဲ့ ဖရန့်လမ်းပတ်

3:16 PM, 29 May

ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်က သူ့ရဲ့နေရာမှာ ဆက်ခံတာဝန်ယူမယ့် ပိုချက်တီနိုကို လက်ရှိအသင်းမှာ လုပ်စရာအလုပ်တွေအများကြီး ရှိနေသေးတယ်လို့ သတိပေးစကား ပြောဆိုလိုက်သလို အသင်းအဝတ်လဲခန်းအတွင်း စံနှုန်းတွေကလည်း လျှော့ကျနေတယ်လို့ ယုံကြည်နေပါတယ်။

မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် စတမ်းဖို့ဘရစ်ချ်မှာ နယူးကာဆယ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ချဲလ်ဆီးရဲ့စိတ်ပျက်ဖွယ်ဘောလုံးရာသီ အဆုံးသတ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၂ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးက ရမှတ်-၄၄ မှတ်နဲ့ ရာသီသိမ်းခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် ချဲလ်ဆီးရရှိခဲ့တဲ့ တစ်ရာသီအတွင်း အနိမ့်ဆုံးရမှတ် ဖြစ်လာခဲ့ပါတယ်။

တဖက်မှာလည်း ပိုချက်တီနိုက ချဲလ်ဆီးအတွက် အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လမ်းပတ်က ချဲလ်ဆီးနည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်ခဲ့မှုအပေါ် ထောက်ခံပေးခဲ့ပေမယ့် အသင်းလူစာရင်းအတွင်း ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျနေမှုက သူ့ကို စိုးရိမ်မှုတွေ တိုးပွားစေတယ်လို့ အသက်-၄၄ နှစ်အရွယ် ချဲလ်ဆီးဂန္တဝင်ကစားသမားက ပြောဆိုလိုက်ပါတယ်။

ပိုချက်တီနိုရောက်ရှိလာမှုနဲ့ ပတ်သက်လို့ မေးမြန်းမှုအပေါ် လမ်းပတ်က “နည်းပြသစ်ခန့်အပ်မှုက တရားဝင်ဖြစ်မလာသေးခင်မှာ ကျွန်တော့်အနေနဲ့ ဒီကိစ္စအပေါ် ထင်မြင်ချက်မပေးချင်ပါဘူး။ သူ တကယ်ရောက်ရှိလာချိန်မှာ အားလုံးသိအောင် ခင်ဗျားတို့ ပြောပြပေးလိမ့်မယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ကျွန်တော်က နည်းပြတစ်ဦးအဖြစ် ပိုချက်တီနိုရဲ့အမာခံပရိသတ်ပါ။ သူက အရမ်းကောင်းတဲ့ နည်းပြတစ်ဦးပါ။ ဒါပေမယ့် အသင်းအတွက် မှန်ကန်ပြီး အဆင့်အတန်းမြင့်တဲ့ နည်းပြတစ်ဦး ဖြစ်ရမယ်။ ပိုချက်တီနိုရဲ့သမိုင်းကြောင်းက ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ကလပ်အသင်းတွေနဲ့အတူ အလုပ်လုပ်တယ်ဆိုတာ ပြသနေတယ်။ အသင်းတစ်ခုမှာ ခိုင်မာတဲ့ ကိုယ်ပိုင်လက္ခဏာတစ်ခု ဖန်တီးနိုင်ဖို့၊ ကြိုးစားကြဖို့ ကစားသမားတွေနဲ့အတူ အလုပ်တွေ လုပ်သွားကြရပါမယ်။ ဒီလိုအမှတ်လက္ခဏာကသာ ပွဲတွေကို ပိုမိုအနိုင်ရရှိစေပါတယ်။ ဒါတွေအားလုံးက နေ့ချင်းညချင်းတော့ ဖြစ်ပေါ်လာမှာမဟုတ်ဘူး”

ကျွန်တော်တို့က “မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး နည်းနည်းသတိထားရပါမယ်။ ဒီအသင်းမှာ လုပ်စရာတွေတော့ အများကြီးရှိတယ်။ ဒါကပဲ ကျွန်တော့်ရဲ့သီတင်းပတ်ခြောက်ပတ်ကြာ ချဲလ်ဆီးနည်းပြဘ၀ အကျဉ်းချုပ်ဖြစ်သလို အခြေခံအချက်တွေလည်း ဖြစ်ပါတယ်။ စံနှုန်းတွေဆိုတာ ရိုးရှင်တဲ့စကားလုံးတွေလို့ ပြောနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ဒီကလပ်အသင်းနဲ့ အတော်လေး သက်ဆိုင်နေပါတယ်။ စံနှုန်းတွေက အတော်လေးလျှော့ကျနေပါတယ်။ အထူးသဖြင့် ဒီပွဲစဉ်က နောက်ဆုံးပွဲစဉ်ဖြစ်လို့ ကျွန်တော် ရိုးရိုးသားသားပဲ ပြောချင်ပါတယ်။ အဲ့ဒီလိုစံနှုန်းတွေကို တချို့ကစားသမားတွေမှာ နည်းနည်းလေးလောက်တောင် မမြင်တွေ့ခဲ့ရပါဘူး”

“ချဲလ်ဆီးလိုအသင်းတစ်ခုအတွက် စံနှုန်းတွေက အမြင့်ဆုံးအဆင့်မှာပဲ ရှိနေပါလိမ့်မယ်။ ဒါမှမဟုတ် မင်းအနေနဲ့ လုံလောက်တဲ့ကြံ့ခိုင်မှုပိုင်းရှိမနေဘူးဆိုရင် သို့မဟုတ် ပရီးမီးယားလိဂ်ရဲ့တောင်းဆိုမှုအတိုင်း မကစားနိုင်ဘူးဆိုရင် ပွဲကစားခွင့် ရရှိလာဖို့ မရှိပါဘူး။ ထိပ်တန်းအသင်းတစ်ခုမှာ ပွဲထွက်ခွင့်နေရာပြိုင်ဆိုင်မှုတွေရှိတာကြောင့် မင်းသာ အဝတ်လဲခန်းအတွင်း အတူတကွရှိမနေဘူးဆိုရင် ပွဲထွက်ခွင့်ယှဉ်ပြိုင်မှု အတွက် အသင်းဖော်အချင်းချင်း ပြောဆိုဆွေးနွေးမှုတွေမှာ မင်းရဲ့အသံ ပါဝင်နိုင်မှာမဟုတ်ဘူး။ အသင်းဆီ ကျွန်တော်ပြန်ရောက်သွားချိန် အဝတ်လဲခန်းအတွင်းမှာ ဒီလိုမျိုးအခြေအနေတွေ လုံလုံလောက်လောက်ရှိမနေတာကို ကျွန်တော် အလျှင်အမြန်ပဲ တွေ့မိလိုက်ပါတယ်။ တစ်ခုခုတော့ လိုအပ်နေခဲ့တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အမှန်ပါပဲ၊ ထိပ်တန်းနည်းပြတစ်ဦးကသာ ဒီအခြေအနေတွေကို ကူညီပေးနိုင်မှာပါ။ ဒါပေမယ့် ကလပ်မှာရှိနေသူတွေတိုင်း ဒီတာဝန်ကိုယူဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပိုချက်တီနို #ပရီးမီးယားလိဂ်