ရှေ့သို့
Image

နည်းပြ အပြောင်းအလဲတွေနဲ့အတူ စိတ်လှုပ်ရှားစရာအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ဘောလုံးရာသီ

3:01 PM, 29 May

ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ကတော့ အဲဗာတန် တန်းတင်ကျန်ရစ်ပြီး လက်စတာ၊ လိဒ်စ်ယူနိုက်တက်၊ ဆောက်သမ်တန်တို့ တန်းဆင်းသွားတာနဲ့ အဆုံးသတ်ခဲ့ပါပြီ။ ဒီနှစ်ရာသီက ဆုဖလားအတွက်၊ ဥရောပဝင်ခွင့်အတွက်၊ တန်းဆင်းဇုန်အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့ကြသလို ထူးခြားတဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ အားလုံး ကိုဗစ်ကာလက လူမရှိတဲ့ ကွင်းတွေထဲ ဘောလုံးပွဲတွေ ယှဉ်ပြိုင်ခဲ့ကြတာ တွေ့ခဲ့ရသလို ယခုနှစ်ရာသီကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲရှိတာကြောင့် ကြားထဲမှာ အားလပ်ရက်ကြီးကြီးမားမားရှိခဲ့ပါတယ်။ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေ အနေနဲ့ နည်းပြအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး ချဲလ်ဆီး၊ လိဒ်စ်၊ ဆောက်သမ်တန်တို့ဆိုရင် တစ်သင်းကို နည်းပြနှစ်ဦးစီအထိ ထုတ်ပယ်ခဲ့တာ မြင်ရပါတယ်။

ယာယီနည်းပြတွေကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် နည်းပြပေါင်း၃၉ဦးဟာ အနည်းဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို ကိုင်တွယ်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ဂရေဟမ်ပေါ်တာဟာ ဘရိုက်တန်ကနေ ချဲလ်ဆီးကို ရောက်လာခဲ့ပေမယ့် ၇လမပြည့်ခင်မှာပဲ ပြန်လည်ထုတ်ပယ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်အသင်း၂၀မှာ ၉သင်းသာ နည်းပြတစ်ဦးတည်းနဲ့ ရာသီကုန်ဆုံးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီအစက အဲဗာတန်နည်းပြဖြစ်ခဲ့တဲ့ လမ်းပတ်ရဲ့နေရာမှာ ပိုချက်တီနိုအား မကြာခင် ခန့်အပ်သွားဖို့ ရှိနေပါတယ်။ အလားတူ ရိုင်းဟော့ဒ်ဆန်နဲ့ ရိုင်ယန်မေဆင်တို့ဟာလည်း ခရစ္စတယ်ပဲလေ့စ်၊ တော့တင်ဟမ်တို့နဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာပါ။

ချဲလ်ဆီးအသင်းရဲ့ဒီနှစ်ရာသီကတော့ မကောင်းတဲ့ အချက်နဲ့ ပရိသတ်တိုင်း မှတ်မိနေဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ၁၉၉၅-၉၆ရာသီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အဆင့်၁၂နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် တကယ်တမ်းပြဿနာက ဒီထက်ပိုကြီးပါတယ်။ တော့ဒ်ဘိုလီ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းပိုင်ရှင်ဖြစ်လာပြီးနောက် ချဲလ်ဆီးအသင်းဟာ ကစားသမားခေါ်ယူမှုနဲ့အတူ မတူညီတဲ့ နည်းပြ အပြောင်းအလဲလေးခုအတွက် ပေါင် ၅၈၃ သန်း အသုံးပြုခဲ့ပါတယ်။ ဇန်နဝါရီမှာ ပေါင်သန်း၃၀၀ကျော် သုံးခဲ့ပြီး နွေရာသီမှာ ပေါင်သန်း၂၇၀သုံးခဲ့ကာ ၂၀၁၉ခုနှစ်က ရီးရဲလ်မက်ဒရစ်ရဲ့ ပေါင် ၂၉၂သန်း အသုံးပြုမှုထက် ပိုများနေခဲ့ပါတယ်။

ဘိုလီဟာ ချန်ပီယံလိဂ်ဖလားယူပေးထားတဲ့ တူချယ်ကို ထုတ်ကာ ဂရေဟမ်ပေါ်တာနဲ့ နည်းပြ အဖွဲဝင်တွေကို လျော်ကြေး ပေါင်၂၁ သန်း ပေးကာ ခေါ်ယူပြီး ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၇လအကြာမှာ ပေါ်တာ အထုတ်ခံရပြီး လက်ထောက်နည်းပြ ဘရူနိုဆော်တာက အသင်းကို ယာယီတာဝန်ယူခဲ့ပါတယ်။ တစ်ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် ဘိုလီက လွန်ခဲ့တဲ့နှစ်တွေအတွင်း အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ လမ်းပတ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လမ်းပတ်လက်ထက် ၁၁ပွဲကစားရာမှာ တစ်ပွဲသာနိုင်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ ရာသီအစပိုင်းက ထုတ်ပယ်ခံလိုက်ရတဲ့ တူချယ်က ဘိုင်ယန်မြူးနစ်မှာ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးခဲ့ပြီး ချဲလ်ဆီးကို နွေရာသီမှာ ပိုချက်တီနိုက ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။ ကစားသမားတွေ အရမ်းများတာကြောင့် အူဘာမီယန်း၊ ဘာဒီယာရှီလီ၊ မာဒူကီ၊ ဒက်စ်ရိုဖိုဖာနာ၊ အန်ဒရေဆန်းတို့စ်တို့ဟာ ချန်ပီယံလိဂ် ရှုံးထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အားလုံးပေါင်းလိုက်ရင် ပေါင် ၁၆၈ သန်းတန်တဲ့ အူဘာမီယန်း၊ ဘာဒီယာရှိလီ၊ မာဒရစ်ခ်၊ မာဒူကီ၊ ချူကွေမီကာ၊ ဖိုဖာနာတို့ဟာ ယခုနှစ်ရာသီ ချဲလ်ဆီးအတွက် မိနစ်၁၀၀၀အထိ ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

ချဲလ်ဆီးနဲ့အတူ ကစားသမားခေါ်ယူမှုတွေကြောင့် ပရိသတ်အာရုံစိုက်မှုခံရတဲ့ အသင်းကတော့ နော်တင်ဟမ်ဖောရက်စ်ပဲ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ချန်ပီယံရှစ်ကနေ တန်းတက်လာစဉ်က ကစားသမားတွေ ရှိနေသေးတာတောင် ယခုနှစ်ရာသီ ကစားသမားသစ်၂၉ဦးအထိ ခေါ်ယူခဲ့ပါတယ်။

အပြောင်းအရွှေ့ရာသီကုန်ဆုံးသွားတာတောင် ဖောရက်စ်ရဲ့ ခေါ်ယူမှုတွေက အဆုံးမသတ်သွားပဲ စက်တင်ဘာနဲ့ ဖေဖော်ဝါရီလတွေမှာ အလွတ်နဲ့ခေါ်ယူမှုတွေ ရှိခဲ့ပါတယ်။ နည်းပြအပြောင်းအလဲ၁၄ကြိမ်ထဲမှာ ဖောရက်စ်နည်းပြ ကူပါး မပါဝင်ခဲ့တာကတော့ တကယ့်အံ့အားသင့်စရာပါပဲ။ ဖောရက်စ်အသင်း ၈ပွဲကစားပြီး ဇယားအောက်ဆုံးရောက်နေချိန် ကူပါးထုတ်ပယ်ခံရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် စာချုပ်သက်တမ်းတောင်အတိုးခံလိုက်ရပါသေးတယ်။

ဧပြီလမှာနောက်တစ်ကြိမ် အသင်းက ထုတ်ပယ်ခံရမယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့ပေမယ့် အသင်းမှာ ဆက်ရှိနေမယ်ဆိုပြီး ဖောရက်စ်က ထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကူပါးက နော်တင်ဟမ်ဖောရက်စ်ကို တန်းတင်ကျန်ရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီရဲ့ တန်းဆင်းဇုန်တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်ခဲ့ပါတယ်။ မတ်လ ၃၁ရက်နေ့ လက်ကျန်ပွဲကစားဖို့ ၁၁ပွဲလောက်ပဲကျန်ချိန် ဇယားအောက်ဆုံးက အသင်း၉သင်းကြာ ကွာဟမှုက ၄မှတ်သာရှိခဲ့ပါတယ်။ အဲ့ဒီနောက် တန်းဆင်းဇုန်ထဲက အသင်းတွေဟာ အပြိုင်အဆိုင်ရုန်းကန်ခဲ့ကြပြီး ဆောက်သမ်တန်ကသာ ဇယားအောက်ဆုံးမှာကျန်ကာ ထိပ်ဆုံးကနေ တန်းဆင်းခဲ့ရပါတယ်။

လက်ကျန်နှစ်နေရာအတွက်ကတော့ ရာသီပိတ်ပွဲစဉ်တွေအထိ ဆက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ အဲဗာတန်က ဘုန်းမောက်ကို နိုင်သွားတာကြောင့် လက်စတာနဲ့ လိဒ်စ်တို့ တန်းဆင်းခဲ့ရပါတယ်။ ဒီနှစ်ရာသီအတွင်း VARကြောင့် ပြဿနာတွေ များပြားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဖေဖော်ဝါရီလက စနေနေ့ပွဲစဉ်တွေမှာ လူကျွံဘောအတွက် လိုင်းဆွဲခဲ့ခြင်းမရှိတာကြောင့် ဘရိုက်တန်နဲ့ အာဆင်နယ်ကို ဒိုင်အဖွဲ့ချုပ်က တောင်းပန်ခဲ့ပါတယ်။

စက်တင်ဘာလ စနေညပွဲစဉ်တွေမှာလည်း ပဲလေ့စ်၊ ချဲလ်ဆီးတို့ဘက်ကို သွင်းယူခဲ့တဲ့ နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့ရဲ့ဂိုးတွေကို မှားယွင်းပယ်ဖျက်မိတယ်ဆိုပြီး ဒိုင်အဖွဲ့ချုပ်က တောင်းပန်ခဲ့ပြန်ပါတယ်။ အဖွဲ့ချုပ်က အမှားတွေကို အမြဲတမ်း တောင်းပန်လေ့မရှိပေမယ့် တစ်ရာသီလုံးမှာ ဘရိုက်တန်ကို တောင်းပန်တာ သုံးကြိမ်အထိ ရှိခဲ့ပပါတယ်။ ပွဲ၃၀ကစားပြီးချိန်မှာ VARက မှားယွင်းပြီးဝင်ပါခဲ့တာ ၁၀ကြိမ်၊ မှားယွင်းပြီး ဝင်မပါခဲ့တာ ၁၉ကြိမ်၊ ကွင်းထဲ VARအမှား အကြိမ်၃၀အထိ ရှိခဲ့ပြီး မှန်ကန်တဲ့အကြိမ်အရေအတွက်ကတော့ ၈၃ကြိမ်ရှိခဲ့ပါတယ်။ အပေါ်မှာတင်ပြခဲ့သလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေတဲ့ ရက်သတ္တပတ်၆ပတ်လုံး ပရီးမီးယားလိဂ်ပွဲစဉ်တွေ မရှိခဲ့ပါဘူး။ ကမ္ဘာ့ဖလားလက်ရွေးစင်အသင်းတွေမှာ မပါဝင်တဲ့ ကစားသမားတွေကတော့ ရက်သတ္တပတ်အတန်ကြာ အနားရခဲ့တယ်လို့ ပြောရမှာပါ။ ပရီးမီးယားလိဂ်အသင်းတွေကတော့ အဆိုပါအားလပ်ရက်အတွင်း ယူအေအီး၊ ဩစတြေးလျ၊ ဆော်ဒီ၊ စပိန်၊ ပေါ်တူဂီတို့ကိုသွားကာ ခြေစမ်းပွဲတွေ ကစားခဲ့ကြပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်က ဒူဘိုင်းစူပါဖလားကို ကစားခဲ့ပြီး အဲဗာတန်က ဆစ်ဒနီဖလားမှာ ဝင်ကန်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ဘရာဇီးကလပ် ဘိုတာဖိုဂိုနဲ့ ခြေစမ်းခဲ့ပြီး အချို့အသင်းတွေက လာလီဂါကလပ်တွေနဲ့ကစားခဲ့ကြပါတယ်။ အဆိုပါအချိန်အတွင်း အမှတ်ပေးဇယားက ယခုနဲ့မတူပဲ အာဆင်နယ်က ဇယားထိပ်မှာ ဦးဆောင်နေကာ ချဲလ်ဆီးက ဥရောပဝင်ခွင့်အတွက် ဂိုးကွာခြားမှုသာကွာပြီး သူတို့နောက်မှာ ၀ုဗ်အသင်းရှိနေသလို ရော်နယ်ဒိုကလည်း ယူနိုက်တက်ကစားသမားဖြစ်နေဆဲပါ။

အသင်းတွေက ကစားသမားတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲထံ လွှတ်ရလို့ ကြီးကြီးမားမားထိခိုက်တာတော့ မရှိပါဘူး။ လိဂ်မှာ အများဆုံးအဖြစ် မန်စီးတီးအသင်းက ကစားသမား၁၆ယောက်အထိ စေလွှတ်ခဲ့ရပြီး ပရီးမီးယားလိဂ်ဖလားရခဲ့ကာ အနည်းဆုံးအဖြစ် ဆောက်သမ်တန်က နှစ်ဦးသာ စေလွှတ်ခဲ့ရပြီး ဇယားအောက်ဆုံးကနေ တန်းဆင်းခဲ့ရပါတယ်။ တစ်ရာသီလုံးလိုလို ဇယားထိပ်မှာ ဦဆောင်ထားတဲ့ အာဆင်နယ်ဟာ ၂၀၀၃-၀၄ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားရတော့မယ်ဆိုပြီး ထင်မှတ်ခဲ့ကြပါတယ်။


အာဆင်နယ်အသင်းဟာ ဧပြီလထဲဝင်လာချိန် မန်စီးတီးကို တစ်ပွဲအသာနဲ့ ၈မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး ၂၉ပွဲကစားပြီးချိန်ထိ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ပွဲကနေ စတင်ကာ အာဆင်နယ်အတွက် ကံဆိုးမှုတွေကျရောက်လာခဲ့ပြီး ပွဲဆက်နိုင်နေတဲ့ မန်စီးတီးကို မယှဉ်နိုင်ဘဲ ဇယားထိပ်ကနေ ဖယ်ပေးခဲ့ရပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ ဇယားထိပ်မှာ ၂၄၈ရက် ဦးဆောင်ထားနိုင်ခဲ့ပြီး သမိုင်းတစ်လျောက် အချိန်အကြာဆုံး ဇယားထိပ်မှာ ဦးဆောင်ထားနိုင်တဲ့ အသင်းဖြစ်ခဲ့ပေမယ့် မန်စီးတီးက သုံးပွဲအလိုမှာပဲ ဇယားထိပ်နေရာကို ပြန်ယူသွားခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ ဂွါဒီယိုလာရောက်လာခဲ့ပြီးနောက် မန်စီးတီးအသင်းဟာ ရာသီပိတ်ပွဲစဉ်၁၀ပွဲမှာ ၂၁မှတ်ကနေ အမှတ်၃၀အထိ ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးက ၂၀၁၅-၁၆ရာသီကနေ စတင်ကာ လိဂ်ဖလားရဖို့ နှစ်တိုင်းရေပန်းစားနေတာဖြစ်ပြီး ရာသီအစ အာဆင်နယ်အသင်းရဲ့ လိဂ်ဖလားအတွက် ရေပန်းစားမှုက အဆင့်၆နေရာမှာသာရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီဟာ လက်ရှိအချိန်မှာတော့ ဆုဖလားသုံးလုံးရယူနိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်၊ ချန်ပီယံလိဂ်ဝင်ဗိုလ်လုပွဲမှာ အင်တာမီလန်တို့နဲ့ အသီးသီးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ လက်ကျန် ဆုဖလားနှစ်လုံးကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးဟာ ၁၉၉၈-၉၉ရာသီက ယူနိုက်တက်နောက်ပိုင်း ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်အသင်း ဖြစ်လာတော့မှာပါ။

#မန်စီးတီး #အယ်ဒီတာအကြိုက် #လက်စတာ #ဆောင်းပါးများ