ရှေ့သို့
Image

အမှတ်ပေးချန်ပီယံဆုအတွက် လီဗာပူးတို့ နောက်တစ်ကြိမ် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်နေတဲ့ ကလော့ပ်

11:39 AM, 29 May

မနေ့ညပိုင်းပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ တန်းဆင်းထားရတဲ့ဆောက်သမ်တန်နဲ့ လေးဂိုးစီ သရေကျကာ စိတ်ပျက်စရာ ဘောလုံးရာသီကိုအဆုံးသတ်ခဲ့ပြီးနောက် လီဗာပူးဟာ ရာသီသစ်အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း အပြည့်အဝရှိတယ်လို့ နည်းပြယာဂန်ကလော့ပ်က ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဖလားလေးလုံး အောင်မြင်မှုရရှိဖို့ အနီးစပ်ဆုံးအထိ စွမ်းဆောင်နိုင်ခဲ့တဲ့ လီဗာပူးက အခုဘောလုံးရာသီနှောင်းပိုင်းကာလအရောက် ပုံမှန်စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိလာပြီး ပရီးမီးယားလိဂ် ၁၁ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပြခဲ့ပေမယ့် အမှတ်ပေးဇယားအဆင့်-၅ နေရာနဲ့ ရာသီသိမ်းကာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

ကလော့ပ်က “ဒီရာသီအတွင်း အချို့အခိုက်အတန့်တွေကြောင့် ရုန်းကန်ရမှုတွေက လေးနှစ်လောက်ကြာလိမ့်ဦးမယ်လို့ ခင်ဗျားတို့ တွေးမိခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းမှာ ပုံမှန်စွမ်းဆောင်ရည်မျိုးရှိခဲ့မယ်ဆိုရင် လာမယ့် ဘောလုံးရာသီမှာလည်း ဆုဖလားစိန်ခေါ်သူအဖြစ် ပြန်လာနိုင်လိမ့်မယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲက ဒါမျိုးလုပ်နိုင်မယ်ဆိုတာ ယုံကြည်လာဖို့ ကူညီပေးခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

တဖက်မှာလည်း ဆောက်သမ်တန်နည်းပြ ဆဲလက်စ်က အခုပွဲစဉ်ရလဒ်ပိုင်းဟာ သူတို့အသင်း ပရီးမီးယာလိဂ်ဆီ အမြန်ဆုံးပြန်လာနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေပြခဲ့တာပါလို့ ထုတ်ပြောလာပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ဆောက်သမ်တန်က မေလအတွင်း ဖူလ်ဟမ်ကို အရေးနိမ့်ခဲ့ပြီးနောက် ရာသီကုန်တန်းဆင်းရဖို့ သေချာသွားခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲစဉ်မှာ လီဗာပူးနဲ့လေးဂိုးစီ သရေကျခဲ့မှုကြောင့် ဆောက်သမ်တန်က နောက်ဆုံး ငါးပွဲဆက် ရှုံးနိမ့်ထားမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

ဆဲလက်စ်က “ဒီလိုအဆင့်အတန်းမျိုးမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတာ နောက်တစ်ကြိမ် oက်သေပြနိုင်ဖို့ ကျွန်တော်တို့ လိုလားခဲ့ပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ရဲ့ အဝေးဆီ ထွက်ခွာသွားရပေမယ့် ဒီအသင်းက ပရီးမီးယားလိဂ်ဆီ အမြန်ဆုံးပြန်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

အခုပွဲစဉ်အတွင်း အနာဂတ်မရေမရာဖြစ်နေတဲ့ ဆောက်သမ်တန်အသင်း ကပ္ပတိန်ဝက်စ်ပရောက်နဲ့ အသင်းမှ ထွက်ခွာတော့မယ့် ဝဲလ်ကော့တို့ကို အသင်းပရိသတ်တွေက ဂုဏ်ပြုပေးခဲ့ပါတယ်။ တဖက်မှာလည်း ဂျိမ်းစ်မီလ်နာနဲ့အတူ ရာသီကုန် အသင်းမှ ထွက်ခွာတော့မယ့် ဖာမီနိုက လီဗာပူးအတွက် နောက်ဆုံးကစားပေးတဲ့ ပွဲစဉ်အတွင်း သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ပရီးမီးယားလိဂ်