ရှေ့သို့
Image

အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ကစားနိုင်ခဲ့ပေမဲ့ တန်းတင်ကျန်ခွင့်မရခဲ့တဲ့ လက်စတာ

11:24 AM, 29 May

ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အိမ်ရှင်လက်စတာအသင်းက တန်းမဆင်းရရေးအတွက် အားစိုက်ကစားခဲ့ပြီး ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းကစားရတော့မှာ ဖြစ်တာကြောင့် တန်ကြေးအမြင့်ဆုံး တန်းဆင်းအသင်းအဖြစ်ပါ လိဂ်သမိုင်းမှာ မှတ်တမ်းဝင်စေခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ ရာနေးရာနီရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ဆွတ်ခူးထားနိုင်ခဲ့တဲ့ လက်စတာအသင်းက ယခုနှစ်မှာ ရလဒ်ပိုင်း အတော်လေးဆိုနေခဲ့တာကြောင့် တန်းဆင်းဇုန်မှာ တိုက်ပွဲဝင်နေပြီး ရာသီသိမ်းပွဲစဉ်မှာ အနိုင်ရခဲ့ပေမဲ့ တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းရဲ့ ကင်းပါဝါကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်တွင် အိမ်ရှင် လက်စတာအသင်းက ဟာဗေးဘန်းစ်၊ ဝေါက်ဖေးစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့ပြီး ဝက်စ်ဟမ်း တိုက်စစ်ကစားသမား ပါဘလိုဖော်နယ်လ်ရဲ့ ချေပဂိုးကြောင့် ၁ဂိုး ခွင့်ပြုခဲ့ရကာ ပွဲပြီးချိန်မှာ ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ အဆင့် ၁၇နေရာမှ အဲဗာတန်အသင်းက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။

လက်စတာအသင်းအနေဖြင့် ယမန်နှစ်ဘောလုံးရာသီမှာ အတိုင်းအတာတစ်ခုအထိ ခြေစွမ်းကောင်းမွန်ခဲ့ပေမဲ့ အခြားသောကလပ်အသင်းတွေရဲ့ လူစာရင်းစုဖွဲ့မှုကို မယှဉ်နိုင်ခဲ့ဘဲ အဓိက ကစားသမားတွေဖြစ်တဲ့ ဝက်စ်လေဖိုဖာနာ၊ ကက်စ်ပါရှမိုက်ကယ်တို့ ထွက်ခွာချိန်တွင် ဒါကာ၊ ဆိုရန်ကူ၊ ဟယ်ရီဆောက်တာတို့အား ခေါ်ယူအားဖြည့်ခဲ့ပြီး ရလဒ်ပိုင်း အတော်လေး အားနည်းခဲ့တာ ဖြစ်ပါတယ်။

လျှန်မြန်တဲ့ တန်ပြန်တိုက်စစ်ကစားဟန်ကြောင့် ၂၀၁၅ - ၁၆ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေကြီးပင် ကစားရခက်ခဲခဲ့ပြီး နည်းပြ ရာနေးရာနီရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံဖြစ်ထားခဲ့တဲ့ လက်စတာအသင်းအနေဖြင့် ၇နှစ် အကြာမှာ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းကစားရတော့မှာပဲ ဖြစ်ပါတယ်။

#လက်စတာ #ဝက်စ်ဟမ်း #ပရီးမီးယားလိဂ်