ရှေ့သို့
Image

ယူနိုက်တက်ကို ဂိုးပြတ်ရှုံးပြီးနောက် ကစားသမားတွေကို လမ်းပတ် ပြင်းထန်စွာ ဝေဖန်

8:58 AM, 26 May

ဖရန့်ခ်လမ်းပတ်ဟာ ယနေ့နံနက်ပိုင်း ယူနိုက်တက်ကို ၄-၁ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားတွေကို ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက တိုက်စစ်မှာ မာဒရစ်ခ်၊ မာဒူကီတို့ကို ပွဲထုတ်လာပေမယ့် အဆုံးသတ်ပိုင်း အလွန်အားနည်းမှုကြောင့် ဂိုးမရခဲ့ပဲ ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရကာ ပွဲပြီးခါနီးမှ လူစားဝင်ကစားသမားဖီးလစ်က နှစ်သိမ့်ချေပဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာ ဖိုဖာနာ ခြေစွမ်းအတော်လေး ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး ယူနိုက်တက်တိုက်စစ်တွေကို လွယ်လွယ်ကူကူခွင့်ပြုပေးခဲ့သလို သူ့ကြောင့်လည်း ယူနိုက်တက်က တတိယဂိုးနဲ့ စတုတ္ထဂိုးရခဲ့ပါတယ်။

လမ်းပတ်က "ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုရော၊ အခွင့်အရေးပိုင်းမှာပါ ကျွန်တော်တို့ ပိုကောင်းခဲ့ပါတယ်။ အနည်းဆုံးတော့ သူတို့နဲ့ ယှဉ်ကစားနိုင်ခဲ့ပါတယ်" "နှစ်ဂိုးပြတ်ရှုံးနေတာက ကျွန်တော်တို့ရောက်နေတဲ့ အဆင့်ကို ပြသလိုက်တာပါပဲ။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ ဘယ်အဆင့်ရောက်နေတယ်ဆိုတာ ထပ်မံပြသခဲ့ပြန်ပါတယ်"

"ကျွန်တော်တို့ရဲ့ ဒီနှစ်ရာသီ သွင်းဂိုးမှတ်တမ်းကို ကြည့်မယ်ဆိုရင် ဂိုးမသွင်းနိုင်တာက ပြဿနာတစ်ခုဖြစ်နေတာကို တွေ့ရမှာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် အများကြီးတော့ မဟုတ်ခဲ့ပါဘူး။ ဒုတိယပိုင်း ခံစစ်စွမ်းဆောင်ရည်က တစ်ခါတစ်လေ ကျွန်တော်တို့ ဘာကြောင့် ခံစစ်၅ယောက်ထားကစားတယ်ဆိုတာကို သက်သေပြနေပါတယ်" "အဲ့ဒီအချက်အပေါ်မှာ ကျွန်တော် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုလုပ်နိုင်ခဲ့သင့်ပါတယ်။ ဒီလိုကြာရှည်တဲ့ ရာသီတစ်ခုရဲ့ နောက်ဆုံးအချိန်ကိုလည်း ရောက်နေပါပြီ။ နေ့စဉ် အဆင့်မီအောင်လုပ်ရမယ့် နည်းစနစ်ပိုင်း အသေးစိတ်အချက်အလက်တွေလည်း ပါပါသေးတယ်။ အဲ့ဒါက တကယ့်အချက်တွေပါပဲ"

"ယူနိုက်တက်မှာဆိုရင် အသင်းသားတွေမှာ အတွေ့အကြုံကောင်းတွေရှိတာကို မြင်ရမှာပါ။ အဲ့ဒါက ကစားသမားတွေရဲ့ အရည်အချင်းအစစ်အမှန်ပါပဲ" "နိုင်ပွဲရပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရနေတဲ့ အသင်းတွေက အဆင့်အတန်းရှိလို့ ဒီလိုရနေတာပါ။ အဲ့ဒီအဆင့်အတန်းတွေသာ မရှိဘူးဆိုရင် နည်းစနစ်ဆိုတာ ဘာမှအရေးမပါပါဘူး။ နေ့စဉ် ကောင်းကောင်းလေ့ကျင့်ပြီး နိုင်ပွဲရအောင်ကြိုးစားကာ ပြီးပြည့်စုံတဲ့ အစုအဖွဲ့တစ်ခုဖန်တီးရပါမယ်" "အသင်းမှာက များပြားတဲ့ လူစာရင်းပိုင်ဆိုင်ထားတာကြောင့် ဒီရာသီနည်းပြတွေရဲ့ လုပ်ပြနိုင်မှုက ခက်ခဲပါတယ်။ တစ်ခါတစ်လေ နည်းပြကြောင့်ဆိုပြီး ပြောနိုင်ပေမယ့် တကယ်တမ်းအားထုတ်ကစားရမှာက ကစားသမားတွေပါပဲ" "ဒီနှစ်ရာသီက ကလပ်အတွက် ဆိုးရွားတဲ့နှစ်ပါ။ အရေးကြီးတာက အောက်ထိဆင်းပြီး ဘယ်နေရာမှာ တိုးတက်အောင်လုပ်နိုင်မလဲဆိုတာပါပဲ။ အသင်းက ပြန်လည်တည်ဆောက်ဖို့လိုနေပြီး နွေရာသီက ပြုပြင်မှုတွေ ပြုလုပ်သွားပါလိမ့်မယ်။ ဒီလိုအဆင့်အတန်းမှာ ကစားနိုင်ဖို့ တိုးတက်ရမယ့်အချက်တွေလည်း ရှိနေပါတယ်"လို့ ပြောခဲ့ပါတယ်။

လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကို တကျော့ပြန် ပြန်လာခဲ့ပြီးနောက် ၁၀ပွဲ ကိုင်တွယ်ရာမှာ တစ်ပွဲသာ အနိုင်ရထားခဲ့ပါတယ်။
#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်