ရှေ့သို့
Image

ခံစစ်ကစားခြင်းအနုပညာနဲ့ အောင်မြင်မှုလမ်းစဉ် (သို့) ဘာစီလိုနာရဲ့တကျော့ပြန်လာလီဂါ ချန်ပီယံခရီး

4:48 PM, 24 May

စပိန်ဘောလုံးလောကရဲ့အထွဋ်အထိပ်အောင်မြင်မှုဆီ ဘာစီလိုနာတို့ ပြန်လာခဲ့မှုက တွေးထားတာထက်ပင် မြန်ဆန်ခဲ့ပါတယ်။ ကွင်းတွင်းကွင်းပြင်အခက်အခဲကာလတွေ ပြည့်နှက်ခဲ့တဲ့ လေးနှစ်တာကာလအပြီး ဘာစီလိုနာရဲ့ ပထမဆုံးလာလီဂါချန်ပီယံအိပ်မက်က ကတ္တလန်ဒေသတွင်း ခါးသီးပြိုင်ဘက် အက်စ်ပန်ညိုကို အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့ အနိုင်ယူပြီးနောက် အသက်ဝင်လာခဲ့ပါတယ်။

အက်စ်ပန်ညိုရဲ့ RCDE ကွင်းကြီးအတွင်း ဘာစီလိုနာရဲ့ချန်ပီယံအဖြစ်အောင်ပွဲခံမှုဟာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ ကွင်းတွင်းဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကြောင့် တခဏအကြာမှာပဲ ရပ်တန့်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီလိုဗရုတ်သုတ်ခဖြစ်စဉ်တွေက ဘာစီလိုနာရဲ့ပျော်ရွှင်မှုကို လျှော့ပါးသွားစေဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတစ်ခုလုံး တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့အတူ နည်းပြဇာဗီရဲ့အသင်းဟာ ရာသီသိမ်းဖို့ လက်ကျန်ပွဲစဉ်လေးပွဲအလိုမှာပဲ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီအသင်းရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကြောင့် လာလီဂါသမိုင်းတလျှောက် ခံစစ်အကောင်းဆုံးအသင်းတွေအနက် တစ်သင်းအဖြစ် အသိအမှတ်ပြုခံရမှာ မလွဲဧကန်သေချာနေပါတယ်။

လီယွန်နယ်မက်ဆီလို ကလပ်ဂန္တဝင်ကစားသမားထွက်ခွာသွားမှု၊ ငွေကြေးဆိုင်ရာမတည်ငြိမ်မှုတွေအပြင် အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ‘Caso Negreira’ အရှုပ်တော်ပုံတွေအပြီး ဘာစီလိုနာအသိုင်းအဝိုင်းအတွက် အခုလိုအမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်မှုက ချိုမြိန်မှုများစွာဖန်တီးပေးခဲ့တာ သံသယဖြစ်စရာ မလိုပါဘူး။


ဇာဗီရဲ့ အလုံးစုံပြုပြင်ပြောင်းလဲရေး
------------------------------------
ခံစစ်ကစားခြင်းဆိုတဲ့စကားလုံးက ဘာစီလိုနာအသင်းပရိသတ်တွေအတွက် ရင်းနှီးမှုရှိတဲ့ စကားလုံးမျိုးတော့ မဟုတ်ပါဘူး။ ဘောလုံးမှော်ဆရာမက်ဆီနဲ့အတူ ရှုပ်ထွေးလှတဲ့ ဘောလုံးပေးပို့မှုလမ်းကြောင်းတွေနဲ့ တိုက်စစ်ဆင်ကစားပုံတွေကသာ ဘာစီလိုနာရဲ့ လတ်တလောသမိုင်းမှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကတ္တလန်ကလပ်ဆီ နည်းပြဇာဗီပြန်ရောက်ရှိလာချိန်မှာပဲ သူ့ရဲ့အောင်မြင်မှုကျောရိုးအဖြစ် ခံစစ်ပိုင်းမှာစုစုစည်းစည်းကစားစေမယ့် ကစားပုံမျိုးကို အသင်းမှာ တည်ဆောက်လာခဲ့ပါတယ်။

နည်းပြဇာဗီ လက်အောက်မှာ အသင်းကို ပြန်လည်မတည်ဆောက်မီကာလတွေအတွင်း ဘာစီလိုနာအသင်းက ပက်ဂွါဒီယိုလာလက်ထက်မှာမွေးထုတ်ထားခဲ့တဲ့ အသက်အရွယ်ရကစားသမားကြီးတွေနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီတွေအတွင်း ခါးသီးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့နောက် နိမ့်ပါးခဲ့ရပါတယ်။ ဒီကာလတွေအတွင်း ဘာစီလိုနာဟာ ယူရိုပါလိဂ်ဆင်းကစားရသည်အထိ အသင်းရဲ့အခြေအနေ ယိုင်နဲ့ပြိုဆင်းလာခဲ့ပါတယ်။ ဒီနောက်မှာတော့ အသင်းပရိသတ်တွေက ကစားသမားဟောင်းဇာဗီကို နည်းပြသစ်ခန့်အပ်ပေးဖို့ တောင်းဆိုလာခဲ့ကြပြီး အခုလိုတောင်းဆိုမှုနဲ့အတူ ကလပ်အသင်းအတွက် ကယ်တင်ရှင်အဖြစ် ရှုမြင်ခံရမှုတွေကြောင့် ဇာဗီရဲ့အပြန်လမ်းခရီးဟာ ဖိအားတွေအပြည့်နဲ့ စောင့်ကြိုနေခဲ့ပါတယ်။

CNN သတင်းဌာနနဲ့တွေ့ဆုံချိန် ကတ္တလန်ဒေသခံသတင်းထောက် မာစီယာက “ ဇာဗီက လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေရှိခဲ့တာကြောင့် အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့တယ်။ ဇာဗီရဲ့ဘာစီလိုနာအသင်းဟာ ပက်ဂွါဒီယိုလာရဲ့ဘာစီလိုနာအသင်း (သို့) လူးဝစ်အင်းနရစ်ရဲ့ဘာစီလိုနာအသင်းမဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဇာဗီက ယခင်အသင်းတွေရဲ့ကစားပုံမျိုးဖြစ်တဲ့ တိုက်စစ်ကစားဟန်ကို အသုံးပြုလို့မရဘူးဆိုတာ ကောင်းကောင်းသိနေခဲ့ပါတယ်။ ဒီကစားပုံအစား ကွင်းလယ်မှာပဲ ပွဲကိုသေချာထိန်းချုပ်ပြီး မာကျောတဲ့ခံစစ်ကြောင်းတစ်ခုတည်ဆောက်မယ့် ခံစစ်ပိုမိုအားပြုတဲ့ကစားဟန်ကို ရွေးချယ်ခဲ့တာပါ။

ဇာဗီရဲ့ရွေးချယ်မှုက ဘာစီလိုနာရဲ့ အစဉ်အလာရိုးရာ DNA တွေကို ချိုးဖျက်ခဲ့တယ်လို့ ကျွန်တော် ယူဆမိတယ်။ ဒီအသင်းက မန်စီးတီးလိုကစားပုံမျိုး ကစားလို့မရဘူးဆိုတာ သူကောင်းကောင်းသိခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လူငယ်ကြယ်ပွင့်လေးတွေက အရမ်းကို ငယ်ရွယ်လွန်းနေတယ်လေ”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ လတ်တလောနှစ်အပိုင်းအခြားတွေအတွင်း အသင်းကိုတာဝန်ယူခဲ့သူတွေရဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲတွေက အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။

အသင်းတာဝန်ရှိသူတွေက နာမည်ကျော်လာမာစီယာအကယ်ဒမီထုတ်ကုန် လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ဖို့အစား နာမည်ကျော်ကစားသမားတွေကို ဈေးကြီးပေးဝယ်ယူမယ့် နည်းလမ်းကို ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်ပဲ ဘာစီလိုနာက ၂၀၁၃-၂၀၁၄ ဘောလုံးရာသီနောက်ပိုင်း အပြောင်းအရွှေ့အသုံးစရိတ် ဒေါ်လာ ၁ ဘီလျံပမာဏကို ကျော်လွန်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့အံ့ဖွယ်ဆိုးရွားလှတဲ့ ပြည်တွင်းအမှတ်ပေးပွဲစဉ်ရလဒ်ပိုင်းတွေက ဘာစီလိုနာရဲ့ အမှတ်ပေးချန်ပီယံစိန်ခေါ်မှုကို ပေါ်ထွက်လာစေခဲ့ပြီး လာမာစီယာရဲ့အကယ်ဒမီထုတ်ကုန်ကစားသမားတွေကို ပြန်လည်မိတ်ဆက်ခဲ့မှုကလည်း ဘာစီလိုနာအောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်တယ်လို့ မာစီယာက ယုံကြည်နေပါတယ်။

“ပက်ဒရီနဲ့ ဂါဘီက လက်ရှိလူငယ်စီမံကိန်းတွေရဲ့ ထင်ရှားတဲ့အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ်နဲ့ ကျန်ပြိုင်ဘက်အသင်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ တိကျတဲ့အဆင့်အတန်းတစ်ခုမှာ ဘာစီလိုနာကို ရပ်တည်စေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောနှစ်အပိုင်းအခြားတွေအတွင်း ကစားသမားအချို့ကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေခဲ့ပါတယ်။ ဘတ်စ်ကွက်လို ဝါရင့်ကစားသမားမျိုးကလည်း အသင်းကို ကူညီပေးတယ်။ နောက်ပြီး ယခင်ထိပ်တန်းကစားသမားတွေဖြစ်ခဲ့သူတွေကလည်း အသင်းကို ကူညီပေးခဲ့ပါတယ်။ ဒီဂျောင်က ဒီလိုကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။ လီဝန်ဒေါစကီးဆိုရင်လည်း ပထမရာသီဝက်ကာလမှာ သွင်းဂိုးတွေ ရယူရင်း အသင်းကို အကူအညီပေးခဲ့ပါတယ်။ ဒီလိုအချက်အလက်တွေ ပေါင်းစပ်မှုကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ကာလတွေကို တွန်းလှန်နိုင်မယ့် ဘာစီလိုနာရဲ့လူငယ်သွေးသစ်တွေကလည်း အခုရာသီအမှတ်ပေးချန်ပီယံဆုကို ဘာစီလိုနာတို့ ဆွတ်ခူးနိုင်ခြင်းအတွက် အရေးပါတဲ့အချက်တစ်ခုအဖြစ် ပါဝင်နေပါတယ်”လို့ မာစီယာက ဆက်ပြောခဲ့ပါတယ်။

ဘဏ္ဍာရေးအခြေအနေနဲ့ Caso Negreira အမှုကိစ္စ
-----------------------------------------------------
ကွင်းပြင်ပမှာဆိုရင်တော့ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခြေအနေက ပြီးခဲ့တဲ့သုံးနှစ်တုန်းကထက် ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ Spotify ကုမ္ပဏီ၊ Sixth Street နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့နဲ့ ဘာစီလိုနာအသင်းတို့အကြား သဘောတူညီမှုတွေက ကိုဗစ်ကပ်ရောဂါကာလအလွန် အသင်းရဲ့ဘဏ္ဍာရေးမတည်ငြိမ်မှုတွေမှ ပြန်လည်ရုန်းထနိုင်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ဘာစီလိုနာအသင်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေဒေါ်လာ ၉၈ သန်းရရှိခဲ့ပြီးနောက် အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေဒေါ်လာ ၂၉၈ သန်းအထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နူးကမ့်ကွင်းပြန်လည်ပြင်ဆင်ဖို့ ချေးယူခဲ့တဲ့ငွေကြေးတွေကို ပြန်လည်ပေးဆပ်ဖို့ ဒေါ်လာ ၁ ဒဿမ ၆ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေးစီမံကိန်းကို မကြာသေးမီကာလမှာပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက ခန့်မှန်းသတ်မှတ်ချိန်ထက် ငါးနှစ်စောပြီး ကြွေးမြီတွေကို ပြန်ဆပ်နိုင်ခဲ့တယ်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။

အခုလိုကွင်းပြင်ပအခြေအနေတည်ငြိမ်မှုတွေအပြင် ကွင်းတွင်းအောင်မြင်မှုတွေ ရရှိထားတဲ့ အခိုက်အတန့်မှာပဲ ဘာစီလိုနာအသိုင်းအဝန်းအတွက် မမျှော်လင့်ချင်စရာ ကိစ္စရပ်တစ်ခု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတယ်။ ဒီကိစ္စကိုတော့ စာနယ်ဇင်းတွေက ‘Caso Negreira’ လို့ ခေါ်ဝေါ်နေကြပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စပိန်ဘောလုံးလောကရဲ့ ဒိုင်လူကြီးအကြီးအကဲဟောင်း Negreira အတွက် ဘာစီလိုနာရဲ့ မလျော်ကန်တဲ့ငွေပေးချေမှုဆိုင်ရာ ဖြစ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

စပိန်ဘောလုံးလောကကို လှုပ်ခတ်သွားစေတဲ့ အခုငွေပေးချေမှုဆိုင်ရာ ဖြစ်ရပ်တွေအတွက် ကတ္တလန်ဒေသခံကလပ်ကို ဘာစီလိုနာ ဒေသဆိုင်ရာအစိုးရရှေ့နေရုံးက အားကစားနယ်ပယ်အတွင်း လူပုဂ္ဂိုလ်တွေအကြား အကျင့်ပျက်ခြစားမှုဆိုင်ရာစွဲချက်တွေနဲ့ အမှုဖွင့်လှစ်ခဲ့ပါတယ်။ CNN သတင်းဌာနနဲ့တွေ့ဆုံချိန် ဘာစီလိုနာအသင်းသတင်းရင်းမြစ်တစ်ဦးက ကလပ်အသင်းအနေနဲ့ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေအပေါ် သြဇာလွှမ်းမိုးဖို့ (သို့) ဒိုင်လူကြီးတွေဆီ လာဘ်ငွေပေးချေဖို့ ဘယ်တုန်းကမှ မလုပ်ဆောင်ခဲ့ပါဘူးလို့ အပြင်းအထန်ငြင်းဆိုခဲ့ပါတယ်။

‘Caso Negreira’ ဖြစ်ရပ်က အခုဘောလုံးရာသီ၊ ဘာစီလိုနာအသင်းရဲ့ကွင်းတွင်းရလဒ်ပိုင်းအပေါ် အနှောင့်အယှက်မဖြစ်ခဲ့ပေမယ့် မာစီယာကတော့ ယူအီးအက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုရလဒ်တွေက လာမယ့်ရာသီသစ် ဘာစီလိုနာအသင်းရဲ့တိုးတက်မှုဖြစ်စဉ်တွေအပေါ် သက်ရောက်မှုရှိစေနိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

မာစီယာက “ဘာစီလိုနာကို ဥရောပပြိုင်ပွဲကစားခွင့်ပေး၊မပေးဆိုတဲ့ကိစ္စက ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ဒီပြိုင်ပွဲတွေက ဆုကြေးငွေတွေ အများကြီးပေးချေလေ့ရှိပါတယ်။ အချို့ကစားသမားတွေဆိုရင် ဥရောပပြိုင်ပွဲတွေ ကစားချင်လို့ ဘာစီလိုနာဆီပြောင်းရွှေ့လာချင်ပါလိမ့်မယ်။ ယူအီးအက်ဖ်အေကသာ ဘာစီလိုနာကို ဥရောပပြိုင်ပွဲဝင်ခွင့် မပိတ်ပင်ဘူးဆိုရင် သေချာပါတယ်၊ ကျွန်တော်တို့ အပြောင်းအလဲကြီးတစ်ခု မြင်တွေ့ရမှာပါ”လို့ ဆိုပါတယ်။ အခုလို ကွင်းပြင်ပရှုပ်ထွေးမှုတွေနဲ့ ပြန်လည်ရင်ဆိုင်ရချိန် လာလီဂါချန်ပီယံဆုကို ဘာစီလိုနာတို့ ဆွတ်ခူးနိုင်မှုက ချိုမြိန်လွန်းပါတယ်လို့ မာစီယာက ပြောပါတယ်။ “မှန်ပါတယ်၊ ဒီအောင်ပွဲက လောကနိဗ္ဗာန်ဆီ ရောက်ရှိသွားသလိုပါပဲ”လို့ မာစီယာက ဂုဏ်ပြုချီးမွှမ်းပါတယ်။

#ဘာစီလိုနာ #အယ်ဒီတာအကြိုက် #အက်စ်ပန်ညို #ဆောင်းပါးများ