ရှေ့သို့
Image

မာရာဒိုနာ၊ ဘဏ္ဍာရေးအကျပ်အတည်းမှသည် အောင်မြင်မှုဆီသို့(သို့) နာပိုလီရဲ့ ၃၃နှစ်တာ စီးရီးအေချန် ပီယံခရီးစဉ်

1:10 PM, 24 May

၁၉၉၀ခုနှစ် ဧပြီ၂၉ရက်နေ့မှာ နာပိုလီအသင်းဟာ ဘာရိုနီရဲ့ ခေါင်းတိုက်ဂိုးနဲ့အတူ လာဇီယိုကို အနိုင်ရပြီး အေစီမီလန်ကို နှစ်မှတ်အကွာနဲ့ကျော်ဖြတ်ကာ စီးရီးအေဖလားကို ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် နာပိုလီအသင်းရဲ့ စကူဒက်တိုအောင်မြင်မှုက ကြာကြာမခံလိုက်ဘဲ တန်းဆင်းရမှုတွေ၊ ဘဏ္ဍာရေးအကျပ်အတည်းတွေ၊ စူပါစတားကစားသမားတွေ အဝင်အထွက်များခဲ့တာတွေနဲ့အတူ မတည်ငြိမ်မှုတွေရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ နာပိုလီအသင်းက နိုင်ဂျီရီးယားသား အီုစီမန်၊ ဂျော်ဂျီယာက ခဗာရက်စ်ကီးလီယာ၊ နည်းပြ စပယ်လက်တီတို့ရဲ့ ပူးပေါင်းမှုတွေနဲ့အတူ စီးရီးအေဖလားကို ၃၃နှစ်အကြာမှာ တကျော့ပြန်ဆွတ်ခူးနိုင်ခဲ့ပြီး ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေကို တဖန်ရယူပေးနိုင်ခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ ကွင်းတွင်းဘောလုံးပွဲကြေညာသူ ဘီလီနီက “နေပယ်မြို့က ထူးခြားပါတယ်။ ဥမာအားဖြင့် ကျွန်တော်တို့ ကလပ်အတွက် ဘာတွေ လုပ်ပေးနေတယ်ဆိုတာကို အခြားသူတွေနားလည်နိုင်ဖို့ ခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။

Youtubeမှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် ဘီလီနီက နာပိုလီတိုက်စစ်မှူး ဟီဂူအင်ရဲ့နာမည်ကို အကြိမ်ပေါင်းများစွာ အော်ဟစ်နေခဲ့တာကို တွေ့ရပြီး ဒီဗီဒီယိုကို ကြည့်ရှုမှုနှုန်းက ၆သန်းထက်ကျော်ခဲ့ပါတယ်။ ဘီလီနီက “အချိန်တိုင်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒီကလပ်က ချစ်သူတွေ၊ အမေလိုမျိုး အားလုံးအတွက် ထူးခြားတဲ့အရာဆိုတာကိုပေါ့။ ဒါကြောင့်ပဲ အသင်းအတွက် စိတ်ဓာတ်အပြည့်နဲ့ အားပေးနေတာဖြစ်သလို ကွင်းထဲသွားပြီး အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ဓာတ်ပုံတွဲရိုက်ပြီး လက်မှတ်တွေတောင်းတတ်တဲ့ ပရိသတ်တွေအတွက်ရောပေါ့”လို့ ဆိုပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာ နာကျင်ခဲ့ရပြီးနောက် ယခုနှစ် နာပိုလီရဲ့ဆုဖလားအောင်မြင်မှုဟာ ကွင်းတွင်းအောင်မြင်မှုဆိုတာထက် ပိုခဲ့ပြီး အီတလီတောင်ပိုင်းနဲ့ မြောက်ပိုင်း အားပြိုင်မှုမှာ အနိုင်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။

နာပိုလီပရိသတ်တစ်ဦးဖြစ်တဲ့ ခရစ္စတန်က “ဒါက မာရာဒိုနာနောက်ပိုင်း နာပိုလီရဲ့ ပထမဆုံးအောင်မြင်မှုဖြစ်သလို တောင်ပိုင်းရဲ့ ပထမဆုံးအောင်မြင်မှုလည်း ဖြစ်ပါတယ်။ ဒါက မြို့အတွက်ရော တောင်ပိုင်းအတွက်ပါ ငါတို့လုပ်နိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ခြင်းပါပဲ” “နာပိုလီအသင်း ကစားသမားတွေကို တိုးတက်အောင်လုပ်ပေးနေတာက တော်တော်လေး ဂုဏ်ယူရမယ့်ကိစ္စပါ။ နာပိုလီက လူငယ်ကစားသမားတွေရော စျေးကြီးပေးပြီး ခေါ်ရမယ့် ကစားသမားတွေရော ရှာဖွေရာမှာ တော်တော်လေးကောင်းပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တောင်ပိုင်းက မတူညီတဲ့ပုံစံနဲ့ လုပ်နိုင်ခဲ့လို့ ဂုဏ်ယူနိုင်ကြမှာပါ”ဆိုပြီး ပြောခဲ့ပါတယ်။

နေပယ်လ်မြို့ဟာ မြို့ကြီးတစ်မြို့ဖြစ်နေပေမယ့် ထူးခြားတာကတော့ နာပိုလီအတွက်သာ ဘောလုံးကွင်းရှိနေတာလည်း ဖြစ်ပါတယ်။ ဘီလီနီက နေပယ်မြို့ဟာ အခြားစီးရီးအေ အသင်းတွေရဲ့မြို့တွေလိုမဟုတ်ပဲ နာပိုလီအတွက်သာ ရှိနေတဲ့မြို့ဖြစ်တယ်လို့ ပြောပြလာပါတယ်။
ဘီလီနီက “မီလန်မှာ ကွင်းနှစ်ကွင်းရှိတယ်ဗျာ။ တူရင်မှာဆို နှစ်ကွင်း။ ရောမမှာဆိုတ နှစ်ကွင်း။ ဂျီနိုအာမှာဆို နှစ်ကွင်းဗျာ။ နေပယ်မြို့ဆိုတာ အီတလီမှာ တကယ်ကိုကြီးမားတဲ့မြို့ဖြစ်ပေမယ့် ကလပ်တစ်ခုကိုပဲ ကိုယ်စားပြုပါတယ်။ အဲ့ဒီအချက်က ကလပ်အတွက် အရမ်းအရေးကြီးပြီး ဒီမှာရှိတဲ့လူတိုင်းက နာပိုလီကိုပဲ အားပေးကြတာပါ”လို့ ပြောပါတယ်။

ဒါကြောင့်ပဲ နာပိုလီအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တိုင်းဟာ ဒေသခံတွေအတွက် ဘောလုံးပွဲတော်လိုဖြစ်နေပြီး အားလုံးက နာပိုလီဂျာစီကို ဝတ်ဆင်ကာ လာရောက်ကြည့်ရှုကြပါတယ်။ ယခုနှစ် ဆုဖလားမရခင်အထိ ပရိသတ်တွေအားလုံးရဲ့ အသည်းစွဲကစားသမားကတော့ အားလုံးသိကြတဲ့ မာရာဒိုနာပါပဲ။

အာဂျင်တိုင်းသားဟာ ၁၉၈၄ခုနှစ်မှာ အီတလီတောင်ပိုင်းကို ဘာစီလိုနာကနေ ကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ၁၀.၅သန်းနဲ့ ရောက်လာခဲ့ပါတယ်။ မာရာဒိုနာ ရောက်လာချိန်မှာတော့ နာပိုလီအသင်းဟာ ယခင်က မမြင်ဖူးတဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီး ကလပ်သမိုင်းတစ်လျှောက် ပထမဆုံး စီးရီးဖလားကို ၁၉၈၇ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘီလီနီကလည်း ၆နှစ်သားဘ၀က နာပိုလီအသင်းရဲ့အောင်ပွဲခံမှုအပေါ် မှတ်မိနေသေးကြောင်း  ပြောပြလာခဲ့ပါတယ်။ ၃နှစ်အကြာမှာလည်း နာပိုလီက မာရာဒိုနာရဲ့ ဦးဆောင်မှုနဲ့အတူ စီးရီးအေဖလားကို နောက်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မြို့အတွက်ရော ကလပ်အတွက်ပါ တစ်ချိန်လုံး မြောက်ပိုင်းရဲ့ အနှိမ်ခံနေရချိန်မှာ ယခုလိုအောင်မြင်မှုတွေက ဒေသခံတွေအတွက် ခေါင်းမော့ပြီး ပြောစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

၁၉၉၀ခုနှစ်မှာ အောင်မြင်မှုရခဲ့ပြီးနောက် နာပိုလီအသင်းဟာ အဓိက ကစားသမားတွေ ထွက်ခွာမှုနဲ့အတူ စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာခဲ့ပါတယ်။ မာရာဒိုနာတစ်ယောက် ဆေးစစ်မှု ကျရှုံးပြီး ၁၅လကြာ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ အီတလီက ထွက်ခွာသွားခဲ့ပါတယ်။ ရလဒ်ဆိုးတွေကြုံခဲ့ရအပြီးမှာတော့ နာပိုလီအသင်းဟာ ၃၄ပွဲကစားရာမှာ ၁၄မှတ်သာရခဲ့ပြီး စီးရီးအေကနေ တန်းဆင်းခဲ့ရပါတယ်။

နာပိုလီအသင်းဟာ စီးရီးအေချန်ပီယံဖြစ်အပြီး ၈နှစ်အကြာမှာတင် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ စိတ်ပျက်စရာအဖြစ်အပျက်တွေက နာပိုလီအတွက် ရပ်တန့်မသွားသေးဘဲ ၂၀၀၀-၀၁ရာသီမှာ တန်းပြန်တက်လာနိုင်ပေမယ့် ချက်ချင်းဆိုသလို တန်းပြန်ဆင်းခဲ့ရပါတယ်။ အဲ့ဒီနောက် ကလပ်က နှစ်နှစ်ဆက် ဒေဝါလီခံမယ်ဆိုပြီး ကြေညာခဲ့ရတာကြောင့် တတိယတန်းကိုပါ တန်းဆင်းသွားခဲ့ရပါတယ်။ ကလပ်ဟာ သမိုင်းတစ်လျောက် အဆိုးရွားတဲ့ အဆင့်အတန်းတွေနဲ့ ကြုံခဲ့ရပေမယ့် ပရိသတ်တွေကတော့ လုံး၀လက်မလျော့ခဲ့ပါဘူးလို့ ဘီလီနီက ပြောခဲ့ပါတယ်။

ဘီလီနီက“နာပိုလီအသင်း စီးရီအေစီမှာ ကစားနေရပေမယ့် ပရိသတ်၆၀၀၀၀ကျော် အားပေးခဲ့ကြတယ်ဆိုတာ Youtube ဗီဒီယိုတွေမှာ ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ ပြိုင်ဘက်အသင်းက အသင်းငယ်လေးဖြစ်တာကြောင့် ပရိသတ် ၆၀၀၀၀ရှေ့မှာ ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့ပါဘူး။ ဒါကတော့ နေပယ်မြို့သားတွေရဲ့ အသင်းအပေါ် ချစ်မြတ်နိုးစိတ်ပါပဲ”လို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဖီးနစ်ငှက်လိုပဲ တောက်ပခဲ့တဲ့ နာပိုလီအသင်းဟာ ပြာပုံထဲက နိုးထလာပြီး ကယ်တင်မယ့်သူတွေလည်း ပေါ်လာခဲ့ပါတယ်။ နာပိုလီအသင်း ဘဏ္ဍာရေးအကျပ်အတည်းနဲ့ အကြီးအကျယ်ရင်ဆိုင်နေရချိန် အီတလီရုပ်ရှင်လောကရဲ့ နာမည်ကြီး ဒီလော်ရန်းတစ်က အင်းကို ကယ်တင်ကာ ပြန်လည်တည်ငြိမ်စေခဲ့ပြီး ယခင်က အောင်မြင်မှုတွေကို ပြန်လည်ရရှိစေခဲ့ပါတယ်။

ဒီလော်ရန်းတစ်ဟာ ကတိပေးထားတဲ့အတိုင်း သုံးနှစ်အတွင်း နာပိုလီအသင်းကို စီးရီးအေ ပြန်ပို့ပေးခဲ့ပြီး လိဂ်မှာ ပြန်ကစားတဲ့ ဒုတိယရာသီမှာတင် ဥရောပဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလော်ရန်းတစ်ရဲ့ ကလပ်အပေါ် ကြိုးစားပေးမှုတွေကြောင့် အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် လက်မှတ်စျေးတွေ တက်လိုက်တာကြောင့် ပရိသတ်တွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယခု ဆုဖလားအောင်မြင်မှုလည်း ပြန်ရပြီဆိုတော့ ယခင်က အဖြစ်အပျက်တွေအပေါ် ခွင့်လွှတ်ပေးနိုင်ပါပြီလို့ ခရစ္စတန်က ပြောပါတယ်။

အောင်မြင်တဲ့ ကစားသမားအပြောင်းအရွှေ့တွေနဲ့ နည်းပြခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နာပိုလီအသင်းဟာ အီတလီရဲ့နာမည်ကျော်အသင်းတစ်သင်းအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။ နာပိုလီအသင်း စီးရီးအေကို တန်းပြန်တက်လာတဲ့ ၁၆နှစ်တာကာလအတွင်း ကာဗာနီ၊ ဟမ်ဆစ်၊ ဟီဂူအင်၊ ဒရိုင်းမာတင်တို့လို ကစားသမားတွေ ပေါ်ထွက်ခဲ့သလို မက်ဇာရီ၊ ဘင်နီတက်ဇ်၊ ဆာရီ၊ အန်ဆယ်လော့တီတို့လို နာမည်ကျော်နည်းပြတွေလည်း နေပယ်လ်မြို့မှာ အခြေချခဲ့ပါတယ်။

ရှုံးထွက်ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရခဲ့ပေမယ့် နာပိုလီအသင်းဟာ စီးရီးအေဖလားကို ပြန်လည်ရယူနိုင်ဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဘီလီနီက “မြောက်ပိုင်းက ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အင်တာတို့လို အသင်းတွေရှိနေတာကြောင့် တောင်ပိုင်းက စီးရီးအေဖလားရဖို့ အလွန့်အလွန်ကို ခက်ခဲပါတယ်။ ဥပမာအားဖြင့် အီတလီအလယ်ပိုင်းဒေသက လာဇီယို၊ ရိုးမားတို့ ဆုဖလား နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ရရှိခဲ့ခြင်းက မြောက်ပိုင်းကိုကျော်ပြီး ဖလားယူဖို့ အရမ်းခက်လို့ပါပဲ။ မာရာဒိုနာ ရှိတုန်းက ကျွန်တော်တို့ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အင်တာမီလန်တို့ကို အနိုင်ယူနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အသင်းကို ရုတ်တရက်ရောက်လာတဲ့ ခဗာရက်စ်ကီလီယာ၊ ကွင်းလယ်သုံးယောက်အတွဲဖြစ်တဲ့ လိုဘော့ကာ၊ အန်ဂူဆာ၊ ဇီလင်စကီး၊ တူရကီကနေ ရောက်လာတဲ့ ကင်မင်ဂျယ်တို့နဲ့အတူ နာပိုလီအသင်းဟာ စီးရီးအေမှာ အကောင်းဆုံးကလပ်ဖြစ်လာခဲ့ပါတယ်။ နာပိုလီရဲ့ မထင်မရှားသူရဲကောင်းကတော့ ၂၀၁၇ခုနှစ်ကတည်းကရှိနေတဲ့ မာရီယိုရူအီဖြစ်တယ်လို့ ခရစ္စတန်က ပြောပါတယ်။ ရူအီဟာ ဆာရီလက်ထက်က ရောက်လာပေမယ့် ဒီနှစ်မှာ ခြေစွမ်းအပြောင်းအလဲဖြစ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ခရစ္စတန်က “ရူအီက အမှားတွေအမြဲလုပ်တတ်သူဖြစ်တာကြောင့် ကျွန်တော် လုံး၀မကြိုက်တဲ့ကစားသမားပါ။ သူ ၂၀၁၇ခုနှစ်တုန်းက ရောက်လာခဲ့ပြီး ဖျက်ထုတ်တာ ကြမ်းတာ၊ ဘောလုံးထုတ်တာ အချိန်မကိုက်တာမျိုး အမြဲဖြစ်တတ်ပါတယ်” “အခုဆိုရင် သူ အသက်၃၁နှစ်ရှိပြီဖြစ်ပြီး ရင့်ကျက်လာတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။ သူ့ကို အသင်းက ယုံယုံကြည်ကြည် ဆက်ထားခဲ့တာကို ကျွန်တော် ဝမ်းသာပါတယ်။ သူက ကျွန်တော်တို့အတွက် အသင်းခေါင်းဆောင်မဟုတ်ပေမယ့် စိတ်ဓာတ်ပိုင်းကတော့ ခေါင်းဆောင်စိတ်ဓာတ်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

အရင်နှစ်တွေကလည်း ဦးဆောင်ပြီးမှ အဆင့်ပြန်ကျခဲ့တာတွေ ရှိခဲ့ဖူးတာကြောင့် ဆုဖလားအတွက် ကြွေးကြော်ရမှာ ကြောက်နေပေမယ့် ယခုနှစ်ရာသီမှာ အပြတ်အသတ် ဦးဆောင်ထားနိုင်မှုကြောင့် အိပ်မက်တွေ ရှင်သန်လာခဲ့တယ်လို့ ဘီလီနီက ဆိုပါတယ်။ မာရာဒိုနာ ယူပေးခဲ့တဲ့ ဆုဖလားက နှစ်၃၀ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် ယခုအချိန်မှာတော့ အိုစီမန်၊ ခဗာရက်စ်ကီးလီယာတို့က ပရိသတ်တွေရဲ့ နာကျင်မှုတွေကို အဆုံးသတ်ပေးခဲ့ပါပြီ။

#စီးရီးအေ #မာရာဒိုနာ #အယ်ဒီတာအကြိုက် #နာပိုလီ #ဆောင်းပါးများ