ရှေ့သို့
Image

TOP 4 က ရာသီအစ ရည်မှန်းချက်မဟုတ်ပါဘူးလို့ ထုတ်ပြောလာတဲ့ နယူးကာဆယ်နည်းပြ ဟိုဝီ

3:30 PM, 23 May

ဒီနေ့မနက်ပိုင်း၊ လက်စတာနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် နယူးကာဆယ်အသင်းက ရာသီကုန်အမှတ်ပေးဇယားထိပ်ဆုံးလေးသင်း စာရင်းဝင်နိုင်ဖို့ သေချာခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်အပြီး အိမ်ကွင်းစိန့်ဂျိမ်းစ်ပတ်ခ်ကွင်းကြီးမှာ ဟိုဝီနဲ့ သူ့ရဲ့ကစားသမားတွေက အသင်းပရိသတ်တွေနဲ့ အောင်ပွဲခံခဲ့သလို နည်းပြဟိုဝီရဲ့ ရာသီအစရည်မှန်းချက်က ဘာဖြစ်မလဲဆိုတာ မေးမြန်းမှုတွေ ရှိလာခဲ့ပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဘုန်းမောက်နည်းပြဟောင်းက “သေချာပေါက် TOP 4 မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ အိပ်မက်တစ်ခုထားရှိပြီး ဒီအိပ်မက်အပေါ် အမြဲတမ်း ယုံကြည်မျှော်လင့်နေရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က TOP 4 အတွက် အဆင်သင့်ဖြစ်နေပြီလို့ မခံစားမိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီ၊တန်းဆင်းဇုန်တိုက်ပွဲဝင်လို့အပြီး အခုရာသီအစမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းတစ်ခု ဖြစ်လာနိုင်မလားဆိုတာနဲ့ မနှစ်ကလိုပဲ တန်းဆင်းဇုန်တိုက်ပွဲဝင်ရဦးမှာလားဆိုတာအပေါ် အမှန်တကယ် တွေးနေမိခဲ့ပါတယ်။ ကလပ်အသင်းနဲ့ ကျွန်တော့်အတွက်ပေးဆပ်ခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေအပေါ် ကျွန်တော့်ရဲ့ ချီးကျူးဂုဏ်ပြုမှုတွေက လုံလောက်မှု မရှိသေးပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူး၊ ချဲလ်ဆီး၊ တော့တင်ဟမ်တို့လို ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့အထက် ရာသီသိမ်းနိုင်ခဲ့ပြီးနောက် နည်းပြဟိုဝီက နောက်တစ်ဆင့်အတွက် အနာဂတ်အစီမံတွေ ရေးဆွဲနေပါလိမ့်မယ်။

ဟိုဝီက “လက်ရှိအချိန်အထိ အပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်တွေကို အမျှော်အမြင်ရှိရှိ လုပ်ဆောင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်အပြောင်းအရွှေ့ရာသီကတော့ အခက်ခဲဆုံးဖြစ်လာပါလိမ့်မယ်။ လာမယ့်ရာသီစိန်ခေါ်မှုက ပိုပြီးကြီးမားလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပြီးဖြစ်ပါတယ်”လို့ ဆိုပါတယ်။

နယူးကာဆယ်က ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးနောက် အသင်းရဲ့ နောက်တစ်ဆင့်ရည်မှန်းချက်မှာ ၁၉၅၅ ခုနှစ်နောက်ပိုင်း ပျောက်ဆုံးသွားတဲ့ ဆုဖလားအောင်မြင်မှုတစ်ခုကို ရှာဖွေသွားဖို့ ဖြစ်တယ်လို့  ဟိုဝီက ပြောဆိုလာပါတယ်။

“ကျွန်တော်ကတော့ ဒီကလပ်အသင်းကို အကြီးအကျယ်အောင်မြင်မှုတွေ ရရှိစေလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို ရရှိခဲ့တယ်လို့ ကျွန်တော်တို့ ခံစားမိနေပေမယ့် ဆုဖလား အောင်မြင်မှုတော့ မဟုတ်ပါဘူး။ အနာဂတ်ကာလမှာ ဆုဖလား အောင်မြင်မှုတွေ ရှာဖွေချင်တာကြောင့် ဒီညမှာတော့ ကျွန်တော်တို့ ပျော်ရွှင်ရပါလိမ့်မယ်”လို့ ဟိုဝီက ရှင်းပြပါတယ်။

#နယူးကာဆယ် #ဟိုဝီ #ပရီးမီးယားလိဂ်