ရှေ့သို့
Image

ဆာဘစ်ဇာအတွက် ပြောင်းရွှေ့ကြေးပမာဏကို စုံစမ်းမှု ပြုလုပ်ထားတဲ့ ယူနိုက်တက်

1:32 PM, 23 May

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နည်းပြတန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံအကောင်းအချို့ ပြသလာနိုင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် နီးစပ်တဲ့အနေအထားကို ရောက်နေပြီဖြစ်တာကြောင့် ရှေ့လာမယ့် ဘောလုံးရာသီတွင် ပြင်ဆင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားခေါ်ထားတဲ့ ဆာဘစ်ဇာအတွက် ပြောင်းရွှေ့ကြေး စုံစမ်းနေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကနေ ရာသီဝက်အငှားဖြင့် ဇန်နဝါရီအပြောင်းရွှေ့ ကာလအတွင်းမှာ ခေါ်ယူထားခဲ့တဲ့ ဩစတီးရီးယားကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ပမာဏကို စုံစမ်းနေပြီး အပြီးခေါ်ယူနိုင်ရန် ပြင်ဆင်နေကြောင်းနဲ့ ပက်သက်ပြီး Sky Sports Germany မှ ဖော်ပြလာတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ နွေရာသီ ကစားသမားဖြည့်တင်းရေး အစီအစဉ်တွေအပေါ် အို့ထရက်ဖို့ဒ် ကလပ်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက ဆောင်ရွက်ရန် ဖြစ်နိုင်ခြေနည်းပါးနေပြီး ကလပ်အသင်းအတွက် အရောင်းဈေးကွက်တင်ထားချိန်မှာ ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ကာတာလုပ်ငန်းစုအကြီးအကဲ ရှိတ်အယ်လ်သာနီ တို့က ဝယ်ယူနိုင်ရေးအတွက် ဦးဆောင်နေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေဖြင့် ဒူးဒဏ်ရာရထားတဲ့ ဆာဘစ်ဇာရဲ့ အပြောင်းရွှေ့အပေါ် အခိုင်အမာ ရွေးချယ်မှု ပြုလုပ်ထားရခြင်းမရှိသေးဘဲ ကစားသမားအနေနဲ့ ယူနိုက်တက်မှာ ကစားချင်ကြောင်း ပြောဆိုထားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ယခုအချိန်မှာ အသက် ၂၉နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ ဆာဘစ်ဇာရဲ့ ပြောင်းရွှေ့ကြေးပမာဏက ကလပ်အသင်းပြောင်းရွှေ့ခွင့်ရရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၂၂သန်းခန့်ဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ကစားခွင့် ရရေးအတွက် ရမှတ် ၁မှတ်သာလိုအပ်နေတဲ့ ယူနိုက်တက်အသင်းက ရှေ့လာမယ့် ကြာသပတေးနေ့တွင် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ