ရှေ့သို့
Image

သြစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ ခြေစမ်းပွဲ ကစားမယ့် မက်ဆီရဲ့အာဂျင်တီးနား အသင်း

3:07 PM, 22 May

ကမ္ဘာကျော်ဘောလုံးသမားမက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနား လက်ရွေးစင်ဘောလုံးအသင်းက အာရှခရီးစဉ်အဖြစ် သြစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်ကစားဖို့ ရှိပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလား၊ ၁၆ သင်းရှုံးထွက်အဆင့်ပြိုင်ဘက်တွေဖြစ်တဲ့ အာဂျင်တီးနားနဲ့ သြစတြေးလျတို့ရဲ့ခြေစမ်းပွဲစဉ်ကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ လုပ်သားဘောလုံးကွင်းကြီးအတွင်း ဇွန် ၁၅ ရက်မှာ ကျင်းပသွားပါမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချန်ပီယံဖြစ်လာမယ့်အာဂျင်တီးနားက မက်ဆီရဲ့သွင်းဂိုးအပါအဝင် ၂-၁ ဂိုးနဲ့ သြစတြေးလျကို အနိုင်ရရှိခဲ့ပါတယ်။

“ဇွန် ၁၅ ရက်မှာ မက်ဆီဦးဆောင်လာမယ့် အာဂျင်တီးနား အသင်းနဲ့ သြစတြေးလျအသင်းတို့ ဘေဂျင်းမြို့မှာ ခြေစမ်းပွဲစဉ် ကစားပါလိမ့်မယ်” လို့ တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံရုံးက Weibo လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဂျင်တီးနားအသင်းရဲ့ အာရှခရီးစဉ်တစိတ်တပိုင်းအဖြစ် ဇွန် ၁၉ ရက်၊ ဂျကာတာမြို့မှာ အင်ဒိုနီးရှားနဲ့ နောက်ထပ်ခြေစမ်းပွဲစဉ်တစ်ခု ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။

သြစတြေးလျဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ဂျိမ်းစ်ဂျွန်ဆင်က တရုတ်နဲ့ သြစတြေးလျ နှစ်နိုင်ငံအကြား နှစ်အတန်ကြာ ဆက်ဆံရေးဆိုးရွားခဲ့ပြီးနောက် အခုပွဲစဉ်ကို ဘေဂျင်းမှာ ကျင်းပဖို့ စီစဉ်ခြင်းဟာ နှစ်နိုင်ငံကြားဆက်ဆံရေး တိုးတက်လာဖို့ နောက်ထပ်တွန်းအားတစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
“ဘောလုံးက ကမ္ဘာလုံးဆိုင်ရာအားကစားတစ်ခုဖြစ်လာပါပြီ။ တရုတ်နိုင်ငံမှာ အခုပွဲစဉ်ကို ကစားဖို့ စီစဉ်ရခြင်းက ဘောလုံးကွင်းတွင်းကွင်းပြင် ကဏ္ဍရပ်တွေမှာ နှစ်နိုင်ငံအကြား အတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံလုံးအတွက် နောက်ထပ်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ တရုတ်နိုင်ငံမှာ ကျွန်တော်တိုရဲ့နိုင်ငံ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်း ဘောလုံးမကစားတာ ၁၅ နှစ်ရှိပါပြီ။ အခုလို ဘေဂျင်းမြို့ရှိ အသစ်ပြန်လည်မွမ်းမံထားတဲ့ လုပ်သားအားကစားကွင်းကြီးမှာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ဖို့ ပြန်လာရမယ့်ခရီးစဉ်အတွက် တကယ့်ကိုစိတ်လှုပ်ရှားရပါတယ်” ဂျွန်ဆင်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း၊ တင်းကျပ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တရုတ်အစိုးရက ရုပ်သိမ်းပေးပြီးနောက် နိုင်ငံတကာအားကစားပြိုင်ပွဲတွေ တရုတ်နိုင်ငံမှာ ပြန်လည်ကျင်းပနေပါပြီ။

#အာဂျင်တီးနား #သြစတေးလျ #မက်ဆီ #ခြေစမ်းပွဲ