ရှေ့သို့
Image

မန်စီးတီးနဲ့ ပွဲဦးရာသီမှာ ဖလား၃လုံး ရချင်နေတဲ့ အကန်ဂျီ

2:33 PM, 19 May

မန်စီးတီးဟာ ဆုဖလား ၃ လုံးရရှိဖို့ အလားအလာရှိနေတဲ့ ဒုတိယမြောက် အင်္ဂလိပ်ကလပ်ဖြစ်လာခဲ့ပြီးနောက် အကန်ဂျီကတော့ အဲ့ဒီလိုဖြစ်ချင်နေတာဖြစ်ပါတယ်။

မန်စီးတီးဟာ ဥရောပရဲ့ ၁၄ ကြိမ် ချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် ၆ ရာသီတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလားနှင့် အက်ဖ်အေဖလားတို့ကို ရရှိဖို့ကလည်း လက်တစ်ကမ်းအလိုမှာရှိနေတာဖြစ်ပါတယ်။

အဆိုပါ ဖလား ၃လုံးစလုံးကို ရရှိခဲ့မယ်ဆိုရင်တော့ ၁၉၉၉ ခုနှစ်ကယူနိုက်တက်ရဲ့ အောင်မြင်မှုကို လိုက်မီသွားပြီဖြစ်ပါတယ်။ စက်တင်ဘာလမှာ ဒေါ့မွန်ကနေ မန်စီးတီးသို့ ပြောင်းလာခဲ့တဲ့ နောက်တန်း ကစားသမားက အကန်ဂျီက "ပထမဆုံး အနေနဲ့ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားကို ရရှိရမှာပါ။ အဲ့ဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်" "အဲ့ဒီနောက် ဖိုင်နယ် ၂ ခုမှာ ကစားရမှာဖြစ်ပြီး ၂ခုစလုံးမှာ အနိုင်ရရှိချင်ပါတယ်" "ဒါက အရမ်းကို မယုံကြည်နိုင်စရာကောင်းပါတယ်။ မန်စီးတီးရှိ ကျွန်တော့်ရဲ့ ပထမဆုံး ရာသီပါ။ ကျွန်တော်ကစားခဲ့ဖူးသမျှထဲက အကောင်းဆုံးအသင်းဖြစ်ပြီး ဒုတိယရာသီဝက်မှာ ကျွန်တော်တို့က တကယ်ကို ယုံကြည်မှုရှိခဲ့တာဖြစ်ပါတယ်" "ကျွန်တော်တို့က အကောင်းဆုံးအလုပ်ကို လုပ်ခဲ့ပြီး အဆုံးသတ်အထိ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

တနင်္ဂနွေနေ့ အီသီဟက်မှာ ချဲလ်ဆီးကိုအနိုင်ရရှိခဲ့မယ်ဆိုရင် မန်စီးတီးဟာ ၂ ပွဲအပိုဖြင့် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိသွားမှာဖြစ်ပါတယ်။ နည်းပြဂွါဒီယိုလာကတော့ ဖိုင်နယ်ပွဲစဉ်တွေမတိုင်မှာ ကစားသမားတွေကို အလှည့်ကျအသုံးပြုနိုင်နေပြီး ယူနိုက်တက်နှင့် ဇွန်လ ၃ ရက်နေ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ၊ တစ်ပတ်အကြာ အစ္စတန်ဘူလ်မှာ အင်တာမီလန်နှင့် ချန်ပီယံလိဂ်ဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။

"ဒါက အရမ်းကိုကောင်းတဲ့ခံစားချက်တစ်ခုပါ၊ ပထမဆုံးမိနစ်ကတည်းက ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိခဲ့တာပါ" "အိမ်ကွင်းမှာ ကစားခဲ့တဲ့ရှုံးထွက်ပွဲစဉ်တွေ အားလုံးမှာ ကျွန်တော်တို့က ကောင်းကောင်းအနိုင်ရရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အနေနဲ့ ဘယ်လောက်အထိကောင်းသလဲဆိုတာကို ပြသလိုက်တာဖြစ်ပြီး အခုတော့ ပရီးမီးယားလိဂ်ဆုဖလား ကျန်ဖလား ၂ လုံးကို ရယူရတော့မှာဖြစ်ပါတယ်" လို့ အကန်ဂျီက ပြောပါတယ်။

#မန်စီးတီး #အကန်ဂျီ #ပရီးမီးယားလိဂ်