ရှေ့သို့
Image

လာမယ့်နွေရာသီမှာ လီဗာပူးစီနီယာ ကစားသမားလေးဦး အသင်းမှ ထွက်ခွာမယ်လို့ သတင်းထုတ်ပြန်

2:09 PM, 18 May

လာမယ့်နွေရာသီမှာ ဖာမီနို၊ မီလ်နာ၊ ကီတာ၊ ချိန်ဘာလိန်တို့ အသင်းမှ ထွက်ခွာမယ်လို့ လီဗာပူးအသင်းက တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ဒီကစားသမားတွေက ဇွန် ၃၀ ရက်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ရှိနေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းမှထွက်ခွာခွင့် ရှိနေတာပါ။

“၂၀၂၂-၂၀၂၃ ဘောလုံးရာသီပြီးဆုံးချိန်မှာ ဒီကစားသမားလေးဦးလုံးက သူတို့ရဲ့ ကစားသမားဘ၀ ကဏ္ဍသစ် ဖွင့်လှစ်သွားပါလိမ့်မယ်။ ဒီကစားသမားတွေက အန်ဖီးလ်မှာရှိနေစဉ်ကာလအတွင်း အသင်းအတွက် အကူအညီတွေ ပေးစွမ်းခဲ့ပါတယ်။ ဒီကစားသမားလေးဦးလုံးက ၂၀၁၉ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နှစ် ၃၀ ကြာပြီးနောက် ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူး အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဖလားလေးလုံးလမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ပြီးနောက် ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းမှာလည်း ဒီကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ လာမယ့်စနေနေ့၊ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ကစားရမယ့် အခုဘောလုံးရာသီ၊ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ဒီကစားသမားလေးဦးကို အထူးဂုဏ်ပြုမှုအစီအစဉ် ပြုလုပ်ပေးသွားဖို့ ရှိပါတယ်။ ဖာမီနို၊ ကီတာ၊ မီလ်နာ၊ ချိန်ဘာလိန်နဲ့အတူ သူတို့ရဲ့မိသားစုတွေလည်း အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူးကြပါစေလို့ ဆုတောင်းပေးပါတယ်”လို့ လီဗာပူးအသင်းရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်မှာ ဂျာမန်ကလပ်ဟော်ဖန်ဟိမ်းမှ လီဗာပူးဆီ ပြောင်းရွှေ့လာတဲ့ ဖာမီနိုကို နည်းပြကလော့ပ်က ဆက်ထိန်းထားဖို့ ဆန္ဒရှိခဲ့ပေမယ့် ကစားသမားအနေနဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကီတာ၊ မီလ်နာ၊ ချိန်ဘာလိန်တို့လည်း အသင်းမှထွက်ခွာဖို့ ရှိနေတာကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့ဟာ မာဆေးဆိုဒ်ကလပ်အတွက် အလုပ်များမယ့်အချိန် ဖြစ်လာဖို့ရှိနေပါတယ်။

မီလ်နာထွက်ခွာမှုအပေါ် ယာဂန်ကလော့ပ်က “ကျွန်တော် သူ့အပေါ် ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ မီလ်နာကောင်းကောင်းသိပါတယ်။ သူက ဒီအသင်းရဲ့ မယုံနိုင်လောက်စရာ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်ကတော့ သူနဲ့ အချိန်ကြာကြာလက်တွဲအလုပ်လုပ်သွားချင်ပါတယ်။ ပြီးခဲ့တဲ့ ၇ နှစ်ခွဲတာကာလ အတွင်း ရရှိခဲ့တဲ့ အပြုသဘောဆောင်မှုတွေဟာ မီလ်နာမရှိဘဲ ဖြစ်လာစရာမရှိဘူးလို့ ကျွန်တော် အကြိမ်များစွာပြောခဲ့ဖူးပါတယ်”လို့ ဆိုပါတယ်။

အခုဘောလုံးရာသီကာလအတော်များများကို စိတ်ပျက်ဖွယ်ဖြတ်သန်းပြီးနောက် နောက်ဆုံး ၇ပွဲဆက် နိုင်ပွဲရရှိမှုနဲ့အတူ လီဗာပူးအသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အတွက် အပြင်းအထန်ကြိုးစားနေပါတယ်။

#လီဗာပူး #ချိန်ဘာလိန် #ဖာမီနို #မီလ်နာ #ပရီးမီးယားလိဂ်