ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်အသင်း အရောင်းအဝယ်ကိစ္စအပေါ် မှတ်ချက်မပေးတဲ့ အေဗရန်ဂလေဇာ

4:55 PM, 15 May

မနေ့ညပိုင်း၊ အမျိုးသမီးအက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်မှာ လူမြင်ကွင်းသို့ ရောက်ရှိလာတဲ့ အေဗရန်ဂလေဇာက မန်ချက်စတာယူနိုက်တက်အသင်း အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းလာမှုအပေါ် မှတ်ချက်မပေးဘဲ ထွက်ခွာသွားခဲ့ပါတယ်။

ချဲလ်ဆီးအမျိုးသမီးအသင်းက ယူနိုက်တက်အမျိုးသမီး အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်ဆီ အသက်-၆၂ နှစ်အရွယ် အမေရိကန်သူဋ္ဌေးကိုယ်တိုင် တက်ရောက်လာခဲ့တာပါ။ သတင်းတွေအရ ဗြိတိန်အချမ်းသာဆုံး သူဋ္ဌေးကြီး ဆာဂျင်မီရက်ကလစ်ဖ်က အိုးထရက်ဖို့ဒ်ကလပ်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေသလို အရှေ့အလယ်ပိုင်းစီးပွားရေး လုပ်ငန်းစုတစ်ခုကလည်း ယူနိုက်တက်ရဲ့အနာဂတ်ကို အလုံးစုံလက်လွှဲပြောင်းရယူဖို့ စိတ်အားထက်သန်နေတာပါ။

ဒီလိုအခြေအနေတွေမှာပဲ ယူနိုက်တက်ကို ၁၈ နှစ်ကြာထိန်းချုပ်လာတဲ့ ဂလေဇာမိသားစုဝင်တွေဖြစ်တဲ့ ဂျိုးရယ်လ်ဂလေဇာနဲ့ အေဗရန်ဂလေဇာတို့က အသင်းကိုလွှဲပြောင်းရောင်းချလိုက်သည့်တိုင် ကာလတစ်ခုကြာ ယူနိုက်တက်ရှယ်ယာအနည်းငယ်ကို လက်ဝယ်ထားပြီး အသင်းနဲ့အတူ ဆက်ရှိနေဖို့ စီစဉ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

မနေ့ညပိုင်း၊ အမျိုးသမီးအက်ဖ်အေဖလားဗိုလ်လုပွဲအပြီး သတင်းစာရှင်းလင်းပွဲကို စောင့်ဆိုင်းနေတဲ့ သတင်းထောက်တွေက ဥမင်လှိုဏ်ခေါင်းအတွင်း လမ်းလျှောက်ဝင်လာတဲ့ အေဗရန်ဂလေဇာကို မြင်တွေ့ခဲ့ပါတယ်။

ဒီအချိန်မှာပဲ သတင်းထောက်တစ်ဦးရဲ့ “ကလပ်အသင်းအရောင်းအဝယ်ကိစ္စ ဘယ်လောက်ကြာဦးမှာလဲ” လို့ မေးမြန်းလာမှုကို အေဗရန်ဂလေဇာက လျစ်လျူရှုကာ ခပ်သွက်သွက်ပဲ လမ်းလျှောက်ထွက်ခွာသွားပါတယ်။

ကလပ်ရဲ့အနာဂတ်နဲ့စပ်လျဉ်းလို့ မေးမြန်းလာမှုအပေါ် ရှောင်လွှဲသွားမှုအတွက် အေဗရန်ဂလေဇာကို ယူနိုက်တက်ပရိသတ်အချို့ ဒေါသထွက်ပေါက်ကွဲခဲ့ကြပြီး လူမှုကွန်ရက်မှတဆင့် အေဗရန်ဂလေဇာဟာ သူရဲဘောကြောင်သူတစ်ဦးဖြစ်ကြောင်း၊ အေဗရန်ဂလေဇာအနေနဲ့ သူဖန်တီးခဲ့တဲ့ အရှုပ်အထွေးတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ လိုအပ်ကြောင်း ဝေဖန်ပြောဆိုလာပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #အေဗရမ်ဂလေဇာ