ရှေ့သို့
Image

တန်းဆင်းထားရတဲ့ အယ်လ်ချီကို အံ့ဖွယ်အရေးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားရဦးမယ့် အေတီကို

11:41 AM, 15 May

ဆီဂန်ဒါဆီ တန်းဆင်းရဖို့ သေချာနေတဲ့ အယ်လ်ချီကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအိပ်မက်က အနည်းငယ်စောင့်ဆိုင်းရဖို့ ရှိလာပါတယ်။

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ရာသီကုန်အမှတ်ပေးဇယားထိပ်ဆုံးလေးသင်း စာရင်းဝင်ဖို့ မသေချာခင်အထိ လာမယ့်နွေရာသီကစားသမားအပြောင်းအရွှေ့အတွက် သူ့ရဲ့အစီအစဉ်တွေကို စတင်ဖို့ မရှိသေးဘူးလို့ အရိပ်အမြွက်ပြောထားခဲ့ပြီးနောက် အခုသီတင်းပတ်ကုန်မှာလည်း အေတီကိုအတွက် လုပ်စရာအလုပ်တွေ ကျန်နေဆဲဖြစ်တယ်လို့ သက်သေပြသွားခဲ့ပါတယ်။ အခုဘောလုံးရာသီ၊ လာလီဂါမှ တန်းဆင်းထားရတဲ့ အယ်လ်ချီတို့က မနေ့ညပိုင်းပွဲစဉ်မှာတော့ ဆီမြွန်နီရဲ့အသင်းနဲ့ အပြင်းအထန်ပြိုင်ဆိုင်ခဲ့ကာ ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီး အေတီကိုဂိုးသမားဂါဘစ်ရဲ့ အမှားကို အယ်လ်ချီကစားသမားဖီဒယ်လ်က အကောင်းဆုံးအသုံးချပြီး အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ချိန်မှာတော့ အေတီကိုတို့က ချေပဂိုးရရှိဖို့ ကြိုးစားလာခဲ့ပေမယ့် တိုက်စစ်မှူးမိုရာတာရဲ့ အပိုင်အခွင့်အရေးအသုံးမချနိုင်မှုတွေကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေကို မရရှိခဲ့ပါဘူး။ ဒါ့အပြင် အယ်လ်ချီအတွက် ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိနိုင်မယ့်အခွင့်အရေးကို အေတီကိုဂိုးသမားဂါဘစ်က ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အိမ်ရှင်အယ်လ်ချီက အေတီကိုကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အက်သလက်တီကိုမက်ဒရစ်အနေနဲ့ ရာသီကုန် အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်း စာရင်းဝင်နိုင်ရေး အနည်းဆုံး ရမှတ်တစ်မှတ်ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။

#လာလီဂါ #အက်သလက်တီကို #အယ်လ်ချီ #ဆီမြွန်နီ