ရှေ့သို့
Image

နယူးကာဆယ်ထက် အာဆင်နယ်ကိုသာ ပြောင်းဖို့ နေမာကို အာဆင်နယ် စတားဟောင်း ဂီလ်ဘာတိုဆေးလ်ဗား တိုက်တွန်း

10:37 AM, 12 May

အာဆင်နယ်စတားဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက နေမာတစ်ယောက် နယူးကာဆယ်ထက် အာဆင်နယ်ကိုသာ ပြောင်းသင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ကာ ဘရာဇီးသားအတွက် ပြီးပြည့်စုံတဲ့နေရာဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

နေမာတစ်ယောက် အခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာစတားဟောင်းဟာ မတ်လတုန်းက ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့ပြီးနောက် ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲကို ပါဝင်ကစားထားပြီးဖြစ်ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေကလည်း နွေရာသီမှာ နေမာအသင်းပြောင်းဖို့ တောင်းဆိုနေကြပြီး အသင်းရဲ့ရုံးချုပ်အပြင် နေမာရဲ့အိမ်ရှေ့မှာပါ ဆန္ဒပြခဲ့ကြပါတယ်။

ဘရာဇီးသတင်းတွေအရ နေမာဟာ အသင်းပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီး အင်္ဂလန်ကိုပြောင်းနိုင်ချေရှိတယ်လို့ ဖော်ပြနေကာ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့က ချိတ်ဆက်နေပါတယ်။ နယူးကာဆယ်ကလည်း နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းက နေမာအနေနဲ့ အာဆင်နယ်ကိုသာ ပြောင်းသင့်တယ်လို့ ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့အပတ်တုန်းက ပီအက်စ်ဂျီနဲ့ နေမာတို့ကြားမှာ အရမ်းထူးဆန်းတာတွေ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက သူ့အိမ်ထိသွားပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲ့တာကို ကျွန်တော် သဘောမတူပါဘူး။ ပရိသတ်တွေကို အခုလိုမျိုး ခွင့်မပြုသင့်ပါဘူး။ အဲ့တာက အိမ်မက်ဆိုးဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့  အန္တရာယ်ရှိတာကြောင့်ပါ။ အဲ့တာက မကောင်းပါဘူး။ ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်မဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူတိုင်းက နေမာရဲ့အရည်အချင်းကို သိကြပါတယ်။ ကျွန်တော် သူ့အရည်အချင်းအကြောင်း မပြောချင်ပါဘူး။ သူကစားတာကို ကျွန်တော်ချစ်ပါတယ်။ နယူးကာဆယ်အစား အာဆင်နယ်မှာပဲ သူ့ကို ကျွန်တော် မြင်ချင်ပါတယ်။ သူဒဏ်ရာအချို့ခံစားနေရသလို အဲ့တာက ဘဝကို ခက်ခဲအောင်လုပ်နေပါတယ်။ ဒါပေမယ့် သူ့ကိုဘယ်အသင်းကမဆို လိုချင်ကြပါတယ်”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #အပြောင်းအရွှေ့ #နေမာ #ဆေးလ်ဗား