ရှေ့သို့
Image

ဘန်လေနဲ့ ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်တဲ့ နည်းပြ ကွန်ပနီ

3:26 PM, 8 May

ချန်ပီယံရှစ်ချန်ပီယံဘန်လေကတော့ အသင်းနည်းပြ ကွန်ပနီဆီ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ပေးအပ်လိုက်ပါတယ်။

မန်စီးတီးဂန္တဝင်နောက်ခံလူဟောင်းက နည်းပြဘဝပထမဆုံး ဘောလုံးရာသီမှာပဲ ဘန်လေ အသင်းကို ချန်ပီယံရှစ်ချန်ပီယံဖြစ်လာအောင် လမ်းညွှန်ပေးနိုင်ခဲ့ပြီး လာမယ့်ရာသီပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် လမ်းညွှန်ပေးထားပါတယ်။ သူ့ကို ချဲလ်ဆီး၊ တော့တင်ဟမ်တို့လို ပရီးမီးယားလိဂ်ကလပ်တွေက နည်းပြသစ်အဖြစ် တာဝန်ပေးအပ်နိုင်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့ပြီးနောက် အခုအခါမှာတော့ ဘန်လေနဲ့ပဲ ၂၀၂၈ ခုနှစ်အထိ လက်တွဲဖို့ ကွန်ပနီက ဆုံးဖြတ်လိုက်ပါတယ်။

ဘယ်လ်ဂျီယံသားက “အသင်းနဲ့ ကျွန်တော်တို့ကြားမှာ တစိတ်တဝမ်းတည်းရှိတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ဘန်လေအသင်းနဲ့ နောက်ထပ်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုဖို့ဆိုတာ မှန်ကန်မှုရှိတယ်လို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့က ပရိသတ်ကြီးနဲ့အတူ Turf Moor (ဘန်လေအိမ်ကွင်း) ကို ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အသင်းအနာဂတ်အတွက် လှမ်းမျှော်ကြည့်ရင်း ဘန်လေ ပိုကောင်းလာစေဖို့ ခြေလှမ်းတိုင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနေပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ချန်ပီယံရှစ်ဆီ ဘန်လေတို့ တန်းဆင်းခဲ့ရပြီးနောက် နည်းပြရှောင်ဒိုက်ရဲ့နေရာမှာ ကွန်ပနီက အစားထိုးတာဝန်ယူခဲ့ပါတယ်။ ကွန်ပနီက သူ့ရဲ့လက်အောက်မှာ အသင်းရဲ့ကစားပုံပြောင်းလဲစေခဲ့ပြီး ချန်ပီယံရှစ်ချန်ပီယံအဖြစ်ပါ အောင်ပွဲခံနိုင်ဖို့ လမ်းညွှန်ပေးခဲ့ပါတယ်။ အခုညပိုင်းမှာ ကစားရမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံရှစ်နောက်ဆုံးပွဲစဉ်မှာ ဘန်လေက ကာဒစ်ဖ်ကို အနိုင်ကစားနိုင်မယ်ဆိုရင် အသင်းသမိုင်းတလျှောက်ပထမဆုံးအကြိမ်အဖြစ် ဘောလုံးရာသီတစ်ခုအတွင်း အမှတ်ပေးပြိုင်ပွဲရမှတ် ၁၀၀ ပြည့်မြောက်သွားဖို့ ရှိနေပါတယ်။

ဘန်လေဥက္ကဋ္ဌ အလန်ပိခ်က “စာချုပ်သစ်ကို ကွန်ပနီလက်ခံလိုက်လို့ ဝမ်းမြောက်မိပါတယ်။ သူက ဘန်လေရဲ့ရှေ့ခရီးစဉ်တွေ အတွက် ပြီးပြည့်စုံသူတစ်ဦးဆိုတာ ကျွန်တော်တို့အားလုံး မြင်တွေ့ခဲ့ရပါတယ်။ ထူးခြားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို စံနှုန်းတွေ မြင့်မြင့်မားမားချမှတ်ထားတဲ့ ကွန်ပနီက ကျွန်တော်တို့လိုချင်တဲ့နေရာဆီရောက်ရှိအောင် အသင်းကို မောင်းနှင်ပေးနေပါတယ်”လို့ ပြောပါတယ်။

#ဘန်လေ #ကွန်ပနီ #ပရီးမီးယားလိဂ်