ရှေ့သို့
Image

ဟာလန်းရဲ့အကြင်နာတရားရှိတဲ့ အပြုအမူတစ်ခုအကြောင်း ရှင်းပြလိုက်တဲ့ ဂမ်ဒိုဂန်

10:34 AM, 7 May

မနေ့ညပိုင်း၊ လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း သူ့ရဲ့ပယ်နယ်တီလွဲချော်မှု မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့အရာတွေကို မန်စီးတီးကွင်းလယ်လူ ဂမ်ဒိုဂန်က ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဂမ်ဒိုဂန်က အသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြကစားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာတော့ ဖိုဒန်ကြောင့်ရရှိလာတဲ့ပယ်နယ်တီကို ကန်သွင်းရဖို့တာဝန်ရှိတဲ့ဟာလန်းက မကန်သွင်းဘဲ အခုပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုးရရှိဖို့ အခွင့်အရေးရှိနေတဲ့ ဂမ်ဒိုဂန်ကို ကန်သွင်းဖို့ ပေးအပ်ခဲ့ပါတယ်။ ဒီပယ်နယ်တီကို ဂမ်ဒိုဂန်က ကန်သွင်းခဲ့ရာ ဂိုးမဝင်ခဲ့ပါဘူး။

ဒီနောက်ပိုင်းမှာတော့ လိဒ်ယူနိုက်တက်တိုက်စစ်မှူး ရိုဒရီဂိုက အသင်းအတွက် ပထမချေပဂိုးသွင်းယူပေးခဲ့ပေမယ့် နောက်ထပ်လိုအပ်နေတဲ့သွင်းဂိုးတွေ ထပ်မရှာနိုင်ခဲ့လို့ ပွဲပြီးဆုံးချိန်မှာတော့ အိမ်ရှင်မန်စီးတီးက ဧည့်သည်လိဒ်ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sport သတင်းဌာနနဲ့တွေ့ဆုံချိန်မှာ ဂမ်ဒိုဂန်က ဟာလန်းဟာ ပယ်နယ်တီဂိုးသွင်းခွင့်ကို သူ့ဆီပေးအပ်ခဲ့တယ်လို့ အတည်ပြုပြောဆိုပြီး နော်ဝေသားရဲ့ကြင်နာတက်တဲ့အပြုအမူအကြောင်းကို ဖွင့်ဟပြောဆိုလာပါတယ်။

ဂျာမန်သားကွင်းလယ်လူက “ပယ်နယ်တီရရှိချိန်မှာ ဟာလန်းကို ဘောလုံးနဲ့အတူ ရှိနေတာ ကျွန်တော်တွေ့လိုက်ပါတယ်။ သူကလည်း ကျွန်တော့်ကိုပဲ ကြည့်နေပြီး ပယ်နယ်တီကန်ဖို့ ပြောလာခဲ့ပါတယ်။ 

မင်း သေချာရဲ့လား? လို့ သူ့ကို ကျွန်တော် နှစ်ခါလောက် ပြန်မေးကြည့်ပါသေးတယ်။ သူက သေသေချာချာပဲ ဘောလုံးကို ကျွန်တော့်လက်ထဲ ယုံကြည်မှုရှိရှိ ထည့်ပေးခဲ့တာပါ။ ကျွန်တော်လည်း ဘောလုံးကိုလက်ခံရယူပြီး နောက်ထပ်သွင်းဂိုးတစ်ဂိုး သွင်းယူချင်ခဲ့ပါတယ်။ အခုအချိန်မှာ ဒါကို ပြန်ကြည့်လိုက်ချိန် ဝမ်းနည်းစရာကိစ္စတစ်ခုလည်း ဖြစ်နေပါတယ်။ ကိုယ့်ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ပွဲကို အနိုင်ရလိုက်တာထက် ပယ်နယ်တီအခွင့်အရေးလွဲချော်ခဲ့လို့ စိတ်ပျက်ရမှုဟာ ပိုမိုမြင့်မားနေခဲ့ပါတယ်။

ရိုးရိုးသားသားပြောရရင် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ပြီးသွားပါပြီ။ လာမယ့်ပွဲစဉ်တွေအတွက် ကျွန်တော်တို့အသုံးချနိုင်တဲ့ အတွေ့အကြုံကောင်းတစ်ခုရရှိခဲ့ပြီး ဟာလန်းကလည်း နောက်ထပ်ရလာမယ့်ပယ်နယ်တီတွေကို အသုံးချနိုင်လိမ့်မယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက အနီးဆုံးပြိုင်ဘက် အာဆင်နယ်ထက် လေးမှတ်အသာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဟာလန်း #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်