ရှေ့သို့
Image

သီယာဂိုဆေးလ်ဗားရဲ့ အရွယ်နဲ့မမျှတဲ့ စွမ်းဆောင်ရည်အပေါ် တအံ့တဩဖြစ်နေတဲ့ နည်းပြ လမ်းပတ်

10:29 AM, 7 May

ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) အဖြစ် ဘုန်းမောက်အသင်းနဲ့ ၆ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းက ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အတွင်းမှာ ပွဲထွက်ပါဝင်ကာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဘရာဇီးဝါရင့်နောက်တန်းလူ သီယာဂိုဆေးလ်ဗားကို နည်းပြ လမ်းပတ်က ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်တွင် ဘုန်းမောက်အသင်းက ပထမပိုင်းမှာ အိမ်ရှင်ပီပီ ချဲလ်ဆီးအသင်းကို ကောင်းကောင်း ဒုက္ခပေးထားနိုင်ပြီး ချဲလ်ဆီးတိုက်စစ်ရဲ့ ညာတောင်ပံမှာ ပွဲထွက်လာတဲ့ မာဒူကီရဲ့ အတိုးအလှုပ်တွေက ဘုန်းမောက်နောက်တန်းတွေအတွက် အဓိကထိန်းချူပ်ရ ခက်ခဲနေစေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘုန်းမောက်အသင်းက သိသိသာသာ ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ နည်းပြ လမ်းပတ်ရဲ့ လူစားလဲမှုတွေ မှန်ကန်ခဲ့ပြီး ဘာဒီယာရှီလီ၊ ဂျာအို ဖီးလစ်တို့ရဲ့ မိနစ် ၈၀ကျော်သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ယနေ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးနည်းပြ အဖြစ် တစ်ကျော့ပြန်ရောက်လာတဲ့ နည်းပြ လမ်းပတ်အတွက် ၇ပွဲမြောက်မှာ ပထမဆုံးနိုင်ပွဲနဲ့အတူ ရမှတ် ၃မှတ်ကို ရှာဖွေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆေးလ်ဗားရဲ့ ခြေစွမ်းပိုင်းနဲ့ ပက်သက်လို့ နည်းပြ လမ်းပတ် က

“သီယာဂိုဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်အပေါ် တလေးတစားနဲ့ ကို အသိအမှတ် ပြုရမှာပါ။ သူအသက်က ၃၈ နှစ်အရွယ်ရောက်နေတာမှန်ပေမဲ့ ပရီးမီးယားလိဂ်လို  ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်မျိုးမှာ ထိပ်တန်းခြေစွမ်းပိုင်းတွေ ပြသထားနိုင်ဆဲပါ။ ကျွန်တော် သူ့အရွယ်မှာဆိုရင် မေဂျာလိဂ်ကိုတောင် ရောက်နေပါပြီ” လို့

ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

#ချဲလ်ဆီး #လမ်းပတ် #သီယာဂို ဆေးလ်ဗား #ပရီးမီးယားလိဂ်