ရှေ့သို့
Image

တန်းမဆင်းရဖို့သေချာခဲ့ပြီးနောက် ကစားသမားတွေကို ဘီယာတစ်ခွက်စီနဲ့အောင်ပွဲခံဖို့ တိုက်တွန်းခဲ့တဲ့ လမ်းပတ်

9:11 AM, 7 May

ဖရန့်ခ်လမ်းပတ်က ယမန်နေ့ညက ဘုန်းမောက်ကို ၃-၁ဂိုးနဲ့ ဂိုးပြတ်နိုင်ကာ ၆ပွဲဆက် ရှုံးနိမ့်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားတွေကို ဘီယာ ဒါမှမဟုတ် ဝိုင်တစ်ခွက်စီနဲ့ အောင်ပွဲခံဖို့ တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းအတွင်း တစ်ဂိုးစီ သရေသာကစားနိုင်ခဲ့ပေမယ့် ဘာဒီယာရှီလီနဲ့ ဂျာအိုဖီးလစ်တို့ရဲ့ နောက်ကျဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ဆိုးရင်လည်း တန်းဆင်းမှာ စိတ်ပူစရာမလိုတော့ပဲ တန်းဆင်းဇုန်က လွတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

လမ်းပတ်က ၂လအတွင်း ပထမဆုံးနိုင်ပွဲအတွက် ချဲလ်ဆီးကစားသမားတွေ အောင်ပွဲခံနိုင်ပေမယ့် လက်ကျန်ပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ထပ်မံပျောက်ဆုံးလို့မရတော့ဘူးဆိုပြီး သတိပေးခဲ့ပါတယ်။

လမ်းပတ်က "ကျွန်တော်တို့ နိုင်ပွဲအရသာကို အချိန်အတန်ကြာ မခံစားခဲ့ရတာကြောင့် သူတို့ အောင်ပွဲခံနိုင်ပါတယ်"

"အဝတ်လဲခန်းထဲမှာ စိတ်ပျက်စရာတွေ ကြုံခဲ့ရပြီးနောက် ဒီလိုရလဒ်မျိုးက ကျွန်တော်တို့အတွက် လိုအပ်ပါတယ်။ ဒါက ရှေ့ဆက်ရမယ့် ခြေလှမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်"

"ကစားသမားတွေအားလုံးက လူသာတွေဖြစ်တာကြောင့် ကျွန်တော်တို့ နိုင်ပွဲမရတာ ဒါမှမဟုတ် အကောင်းဆုံးမကစားနိုင်ဘူးဆိုရင် အားလုံးခံစားရတာပါပဲ။ ဒီအရာကနေ ရုန်းထွက်နိုင်တဲ့ နည်းလမ်းကတော့ ကျွန်တော်တို့ တိုက်ခိုက်ပြီး ရုန်းထွက်ဖို့ပါပဲ"

"ဒီလိုအခက်အခဲတွေကနေ ရုန်းထွက်နိုင်ခဲ့တာကြောင့် ဘီယာ ဒါမှမဟုတ် ဝိုင်တစ်ခွက်စီနဲ့ ဒီည သူတို့ အောင်ပွဲခံနိုင်ပါတယ်။ ဒါပေမယ့် ရာသီကုန်ထိ ဒီလိုခြေစွမ်းတွေနဲ့ ရှေ့ဆက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်